ပုဏ္ဏားကျွန်းမြို့မှာ မြေမြှုပ်မိုင်းထိလို့ ဒေသခံလေးဦး ဒဏ်ရာရ

2022.08.13
ပုဏ္ဏားကျွန်းမြို့မှာ မြေမြှုပ်မိုင်းထိလို့ ဒေသခံလေးဦး ဒဏ်ရာရ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က မိုင်းထိလူနာ လေးဦးအား ယိုးတရုပ် တိုက်နယ်ဆေးရုံသို့ သယ်ဆောင်လာစဉ်
Photo: CJ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာနဲ့ မော်ရွာကျေးရွာက ဒေသခံလေးဦး သြဂုတ် လ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်း မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိသူတွေဟာ ဗုဒ္ဓေါရွာက ဦးမောင်ကြီးအောင်၊ မော်ရွာကျေးရွာက ဦးအောင် ဝင်းသိန်း၊ ဦးဦးဝင်းအောင်နဲ့ ဦးအောင်ချမ်းစိန်တို့ဖြစ်ပါတယ်။

သူတို့ဟာ ဗုဒ္ဓေါရွာအနောက်ဘက် တောင်တန်းမှာ နွားရှာသွားချိန် မြေမြှုပ်မိုင်းနင်းမိတာလို့ ဒဏ်ရာရတာကို ကူညီဆောင်ရွက်ပေးနေတဲ့ သုခမိတ္တာ နာရေးကူညီမှုအသင်းရဲ့ ယာယီ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုစိုးမင်းထွန်းက RFA ကို ပြောပါတယ်။

“သူတို့က နွားရှာသွားရင်း မိုင်းနင်းလို့ ဒဏ်ရာရသွားတာပါ။ နှစ်ယောက်ကတော့ ဒဏ်ရာတော်တော်လေး ပြင်းထန်တယ်။ အခုတော့ လေးယောက်လုံးကို ယိုးတရုပ်ရွာ တိုက်နယ်ဆေးရုံမှာ ဆေးကုသနေတယ်”

ဦးအောင်ချမ်းစိန်က ညာဖက်လက်ကောက်ဝတ် ပြတ်သွားပြီး ဦးအောင်ဝင်သိန်းကတော့ ရင်ဘက်ဒဏ်ရာရခဲ့သလို ကျန်နှစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အခုမိုင်းပေါက်ကွဲတဲ့ နေရာဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေက AA နဲ့ စစ်တပ် တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ဒီနေ့အထိ သုံးလ ကျော်အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု အကြိမ် (၃၀) လောက်ရှိခဲ့ပြီး ဒေသခံခြောက်ဦး သေဆုံးခဲ့သလို ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုင်းကိစ္စနဲ့ ပတ်သက်ပြီး စာရင်းပြုစု နေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ စာရင်းမှာ ဖော်ပြထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။