မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက တောင်ယမားဆည်ဘောင်အောက်မှာ ဖေဖော်ဝါရီလ ၁၀ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက် က အသက် ၁၅ နှစ်အရွယ်တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက် ကလည်း သေဆုံးမှုရှိခဲ့တယ်လို့ ကျားသစ်နက်ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာခဲ့တယ်လို့ ကျားသစ်နက်အဖွဲ့က ကိုဖိုးသား က ပြောပါတယ်။
“လက်နက်ခြင်းမမျှခဲ့ဘူး။ မိုင်းဆွဲခဲ့တယ်၊ မအောင်မြင်ခဲ့ဘူး။ လက်လုပ်ကျည်တွေနဲ့ ပစ်ခဲ့ရတယ်။ အပြန်အလှန်ပစ်ခဲ့တယ်။ ထိုးစစ်နဲ့ လက်နက်ကွာခြားမှုကြောင့် ပြန် ဆုတ်ခဲ့ရချိန် ကျဆုံးခဲ့ရတယ်။ အားလုံးပူးပေါင်းတိုက်ဖို့လိုတယ်။ ပံ့ပိုးမှုတွေလိုနေ ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေကို လေးစားပါတယ်။ တစ်နိုင်ငံလုံးအတွက် အလုပ်လုပ်နေကြတာဖြစ်လို့ လက်နက် အစစ်ရှိသူတွေအနေနဲ့ ငှားရမ်းဖို့လိုပါတယ်”
သေဆုံးသူတွေကို သုသာန်တစ်ခုမှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးခဲ့သူတွေက အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့ ကိုထက်မင်းလွင်နဲ့ ကိုချစ်မိုးနိုင်၊ အသက် ၁၅ နှစ်အရွယ် ကိုချစ်စမ်းမောင်၊ အသက် ၁၈ နှစ်အရွယ် ကိုစိုင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ကျားသစ်နက်အဖွဲ့က ပြောပါတယ်။
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း လေးဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အင်အား ၁၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ်နဲ့ မကွေးတိုင်းကြားက ဒေသတွေမှာ လှုပ်ရှားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။