စစ်ကိုင်းနဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်မှာ ဩဂုတ်လ ၁၇ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး လူ လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။
မန္တလေးကနေ စစ်ကိုင်း ဦးတည်ထွက်ခွာလာတဲ့ အာကာသ ခရီးသည်တင် ဘတ်စ်ကားကို စစ်ကိုင်းတံတားပေါ်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်က စစ်ဆေးပြီးတဲ့နောက် ကားပြန်အထွက်မှာ ကားပေါ်ပါလာတဲ့ PDF တပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ရာကနေ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာပါ။
သေဆုံးသူ လေးဦးဟာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။ အမျိုးသား နှစ်ဦးက PDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အမျိုးသမီး နှစ်ဦးက အရပ်သားခရီးသည်တွေ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောဆိုပါတယ်။
ဒဏ်ရာရသူ ရှစ်ဦးအနက် နှစ်ဦးက လုံခြုံရေးစစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ခြောက်ဦးက ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ တွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ရှိခဲ့သူတစ်ဦးက ဒီမနက် တိုက်ပွဲဟာ ကား၊ မော်တော်ဆိုင်ကယ်နဲ့ လူသွားလူလာ များလှတဲ့ စစ်ကိုင်းတံတားကြီးပေါ် မှာ နာရီဝက်လောက်ကြာအောင် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ RFA ကို ပြောပါတယ်။
"မန္တလေးက လာတဲ့ကားကို စစ်တာ၊ ကားပေါ်မှာ မမိဘူး။ စစ်တဲ့သူတွေ ပြန်အဆင်းမှာ ကားပေါ်ကနေပစ်တော့ အပြန်အလှန် ပစ်ကြတာ။ သေသွားတဲ့အထဲက ယောကျ်ားလေး နှစ်ယောက်မှာ တစ်ယောက်က ပုဆိုးနဲ့ တစ်ယောက်က ဘောင်းဘီရှည်နဲ့၊ ပစ်ကြ ခတ်ကြလို့ ကားကလည်း ဆန်ခါပေါက် ဖြစ်သွားတယ်။ တကယ့်စစ်ဆေးရေး နေရာကောင်းမှာ ဖြစ်တာဆိုတော့ လူတွေလည်း တော်တော်လန့်နေကြတယ်"
သေဆုံးတဲ့ ရုပ်အလောင်းအားလုံးကို မန္တလေးနန်းတွင်း စစ်တပ်ထဲကို သယ်ယူသွားတယ် လို့လည်း သူက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ခြောက်ဦးအနက် တစ်ဦးကို ပြင်ဦးလွင် စစ်ဆေးရုံကို ပို့လိုက်ရပြီး ကျန်တဲ့ ငါးဦးကိုတော့ မန္တလေး နန်းတွင်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကိုင်းတံတားကြီးကို နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့ပြီး နေ့ခင်းပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖြတ်သန်းသွားလာသမျှကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက်တိုက်ပွဲဖြစ်တဲ့ စစ်ကိုင်းတံတားပေါ်က စစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာသိမ်း ပြီးတဲ့နောက် အသစ်ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်ဖြစ်ပြီး၊ အဲဒီဂိတ်မှာ တိုက်ပွဲဖြစ်တာ ကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီမနက်သေဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ဘယ်အဖွဲ့ကလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
ဒေသအခြေစိုက် Freeland Attack Force (FLA)၊ Anonymous Force Mandalay (AFM)၊ Emerald Girls Army (EGA) စတဲ့ အဖွဲ့သုံးဖွဲ့ ပေါင်းထားတဲ့ မဟာမိတ် ကာကွယ်ရေး တပ်ဖွဲ့ကတော့ သူတို့အဖွဲ့ဝင် လေးဦးဟာ လက်နက်ဝယ်ဖို့ ခရီးအသွား ဩဂုတ်လ ၁၆ ရက် မနေ့ကစလို့ အဆက်အသွယ် ပြတ်တောက်နေကြောင်း အဲဒီမဟာမိတ်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။