မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ရွာပေါင်းလေးရွာထဲကို ဩဂုတ်လ ၁၃ ရက် ဒီနေ့မနက် စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး နေအိမ် အလုံး ၃၀ ကျော် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေယှားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ လှေခုတ် ရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီးနောက် မီးရှို့သွား တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ မီးရှို့ခံရတာဗျ။ ကျနော်တို့က အရမ်းနီးလို့မရတော့ ခန့်မှန်းပဲ ပြောရမှာဗျ။ ခန့်မှန်းတော့ ဆင်တဲ၊ ခြံသာရွာ၊ နွယ်နီ၊ လှေခုတ် အဲဒီလေးရွာကတော့ ဒီနေ့မနက် ရှို့ခံရတယ်ဗျ။ အိမ် ၃၀ ကျော်ပဲ"
RFA နဲ့ အဆက်အသွယ်ရတဲ့ နေ့လယ် ၁၂ နာရီကျော် အချိန်အထိ လှေခုတ်ရွာကို စစ် ကောင်စီတပ်သားတွေ မီးရှို့နေဆဲဖြစ်ပြီး မီးလောင်ကျွမ်းတဲ့ အိမ်ခြေအရေအတွက် အတိ အကျကိုတော့ မသိရသေးပါဘူးလို့ ဒေသခံကဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသကို ဩဂုတ်လ ၆ ရက်နေ့ ကစလို့ အင်အား ၁၈၀ ဝန်းကျင်နဲ့ ဝင်ရောက်နေတာဖြစ်ပြီး မင်းရွာနဲ့ ရေယှားရွာမှာ တပ်စွဲ ထားတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကြောင်း ဝင်ရောက်တာကြောင့် ခြံသာရွာ၊ ဆင်တဲရွာ၊ လှေခုတ်ရွာ၊ မြောက်ရွာ၊ ကျွန်းညိုရွာ၊ နဘေးရွာ၊ ပေါက်တောရွာ၊ နေရင်းရွာ စတဲ့ ရွာတွေက ဒေသခံ ၁၅၀၀ ဝန်း ကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေစကြိုဒေသခံက ပြောပြ ပါတယ်။
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာတွေ အဓိကလိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး သလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း မင်းရွာကနေ ငတရော်ရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။