ထိပ်သီးဆွေးနွေးပွဲမှာ ၇ ချက် ဆွေးနွေးမည်


2018.10.14
fpncc-statement-622.JPG ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံမယ့် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရ ကိစ္စတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့နဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေးအတွက် မူချနိုင်ဖို့ စတဲ့ အချက်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ဖြန် နေပြည်တော်မှာ စတင်ကျင်းပတော့မယ့် ခေါင်းဆောင်တွေရဲ့ သီးသန့်ဆွေးနွေးပွဲမှာ ပါဝင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်လျာထားချက်ထဲမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီ ၂၀၁၈ ခုနှစ်အတွင်း ၂၁ ရာစု ပင်လုံညီလာခံ ၁ ကြိမ် ကျင်းပဖို့နဲ့ လာမယ့် ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၂ ကြိမ် ကျင်းပမှာဖြစ်တဲ့အတွက် အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခြေခံမူတွေရရှိနိုင်ရေး ဒီထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

လက်ရှိနိုင်ငံဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်သွားဖို့နဲ့ ဆွေးနွေးပွဲတွေမှာ ခေါင်းဆောင်တွေ အကြား သဘောတူညီချက်တွေရရှိပြီးမှ ဆုံးဖြတ်ချက်ကို ချပေးတဲ့ပုံစံ ကျင့်သုံးဖို့နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီလျာထားတဲ့ အချက် ၇ ချက်ကို ဆွေးနွေးပြီးပြတ်နိုင်မယ်လို့တော့ မထင်ကြောင်းလည်း တိုင်းရင်း သားခေါင်းဆောင်တွေက ပြောပါတယ်။

တချိန်တည်းမှာပဲ FPNCC အဖွဲ့က အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား နေပြည်တော်မှာ ကျင်းပမယ့် ထိပ်သီးဆွေးပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အစည်းအဝေးဖြစ်တာကြောင့် ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရှိရေးအတွက် အကောင်အထည်ဖော်နိုင်မယ့် သင့်တော်တဲ့ လမ်းကြောင်းကို အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ အချိန်အခါမရွေး အသင့်ရှိတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် NCA လမ်းကြောင်းဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ ထိန်းချုပ်ရာဒေသတွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA  အပါအဝင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုတဲ့ ဘယ်လမ်းကြောင်းမျိုးကိုမဆို အမြဲထောက်ခံ တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။