မြန်မာသတင်းသမားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံက သတင်းသမားတွေနဲ့ သတင်းမီဒီယာလောကသားတွေကို အနိုင်ကျင့်စော်ကားနေတာတွေ ချက်ခြင်းရပ်ဖို့၊ မတရား ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက လူတွေကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့၊ သူတို့ကို ချမှတ်ထားတဲ့ စွဲချက်တွေကိုလည်း ပြန်ရုပ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ်ပြီးတောင်းဆိုခဲ့ပါတယ်။

သတင်းသမားတွေကို ကာကွယ်ရေး ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ရဲ့ကိုယ်စား မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပူးတွဲဥက္ကဋ္ဌအဖြစ်နဲ့ ကြေညာချက်ကို ထုတ်ခဲ့တာပါ။ သတင်းသမားတွေကို ကာကွယ်ရေး ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့မှာ လက်မှတ်ထိုးထားကြတဲ့ ပြင်သစ်၊ ဂရိ၊ လစ်သူအေးနီးယားနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတိုက်အခိုက်ခံနေရတာ၊ သတင်းသမားတွေ မတရား ဖမ်းဆီးခံနေရတာ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနိုင်ကျင့်ခံနေရတာတွေကို အထူးပဲ စိုးရိမ်နေပြီး ဒီလုပ်ရပ်တွေအတွက် အပြင်းအထန်ရှုတ်ချတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်ဖြိုခွဲမှုတွေထဲမှာ သတင်းသမားတွေဟာ အဓိက ပစ်မှတ်တခုဖြစ်လာနေပြီး တချို့သတင်းသမားတွေဟာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံနေရကြောင်း၊ သတင်းဌာန တော်တော်များများလည်း ထုတ်လွှင့်မှုတွေ ပိတ်ပင်ခံရတာ၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရတာ၊ သတင်းဌာနတွေ ဝင်ရောက် စီးနင်းခံရတာ၊ သတင်းဖော်ပြခွင့်လုံးဝ မရှိအောင် တားမြစ်ခံရတာတွေ ကြုံနေရတဲ့အကြောင်း၊ မြန်မာနိုင်ငံထဲက သတင်းသမားတွေရဲ့ အသက်နဲ့ရင်းပြီး ရဲ့ရဲ့ရင့်ရင့် ဆောင်ရွက်မှုတွေကို အားကျဂုဏ်ယူတဲ့အကြောင်း ဒီလိုလုပ်ရပ်တွေအတွက် အပြည့်အဝဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံက သတင်းသမားတွေကို အကာအကွယ် ပေးကြဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေ ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတကာ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ အောက်ခြေလူထုအခြေပြု အဖွဲ့အစည်းတွေကို တိုက်တွန်းပါတယ်လို့ သတင်းသမားတွေကို ကာကွယ်ရေးကုလသမဂ္ဂမိတ်ဆွေများ အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ သတင်းသမားတွေကို အကာအကွယ်ပေးဖို့ မြန်မာအပါအဝင် နိုင်ငံပေါင်း ရှစ်ဆယ်ကျော်က လက်မှတ်ရေးထိုးထားကြတာပါ။ RFA က ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၅ဝ ကျော် ရှိနေပါတယ်။