ကလေးမြို့မှာ စက်သုံးဆီ တစ်လီတာ ၈၅၀၀ ကျပ်အထိ ဈေးတက်

RFA Burmese
2024.07.16
ကလေးမြို့မှာ စက်သုံးဆီ တစ်လီတာ ၈၅၀၀ ကျပ်အထိ ဈေးတက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စက်သုံးဆီ အရောင်းဆိုင်ကြီးတစ်ဆိုင်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီတွေ ပြတ်လပ်လာပြီး အောက်တိန်း-၉၂ ဓာတ်ဆီ တစ်လီတာကို ၈၅၀၀ ကျပ်အထိ ဈေးတက်နေတယ်လို့ ကလေးမြို့ခံတွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ စက်သုံးဆီ ပြတ်လပ်နေလို့ လက်လီ ရေသန့်ဘူးနဲ့ ရောင်းချတဲ့ လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူနေရတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"ဓာတ်ဆီဆိုင်အကြီးတွေ အားလုံးက ပိတ်ထားတယ်။ သူတို့ မပိတ်ခင်ကဆို တစ်လီတာ ငါးထောင်၀န်းကျင်နဲ့ တစ်ယောက်ကို ဂါလံဝက်လောက် အဲဒီလို အကန့်အသတ်နဲ့ ရသေးတယ်။ အခုက ဈေးလည်း တစ်နေ့ထက်တစ်နေ့ တက်သွားတယ်။ မြို့ထဲ ဓာတ်ဆီပတ်ရှာရတာ။ အဲဒီအခါမှ လမ်းဘေးမှာ တစ်ပုလင်း၊ နှစ်ပုလင်း ရောင်းတာတွေရင် ဈေးကြီးကြီးနဲ့ လိုက်ဝယ်ပြီး ထည့်ရတယ်”

မုံရွာမြို့ကနေ ကလေး၀မြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကြောင်းကနေ သယ်ယူပို့ဆောင်တဲ့ ချက်ဆီလို့ခေါ်တဲ့ ဓာတ်ဆီအနီတွေကိုလည်း တစ်လီတာ ငါးထောင်နှုန်းပေးပြီး ၀ယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့ကို ကုန်စည်အဓိကတင်ပို့တဲ့ မဟာမြိုင်လမ်း (မုံရွာ-ကလေး၀-ကလေး) ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက ပိတ်ထားတာကြောင့် ကလေးမြို့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို စက်သုံးဆီအပြင် ဆေးဝါးတွေလည်း ရှားပါးပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာမြိုင်လမ်းမှာ ကုန်တင်ကားအစီးရေ ရာနဲ့ချီ ပိတ်နေတာ တစ်လခန့်ကြာလာတဲ့အတွက် ပိတ်မိနေတဲ့ ယာဉ်မောင်းတွေလည်း အစားအသောက်တွေ ပြတ်လပ်လာပြီး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။