ကချင်ပြည်နယ်အတွင်းက မြို့တွေမှာ စက်သုံးဆီပြတ်လပ်နေ

ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ အပါအဝင် မြို့နယ်အများအပြားမှာ ဩဂုတ်လ ၁၂ ရက် နေ့ကတည်းကစပြီး စက်သုံးဆီ ပြတ်လပ်နေသလို အကန့်အသတ်နဲ့သာ ရောင်းပေးတဲ့ဆိုင် တွေမှာလည်း ဓာတ်ဆီတစ်လီတာကို အနည်းဆုံး လေးထောင်ကနေ ငါးထောင်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စက်ဆုံးဆီဆိုင် အကုန်လုံးနီးပါး ဆီပြတ်လပ်နေလို့ ဆိုင်တွေပိတ်ထား ကြပြီး ရောင်းချတဲ့ ဆိုင်အချို့ကလည်း ဆိုင်ကယ်တစ်စီးကို သုံးထောင်နဲ့ ကားတစ်စီးကို တစ်သောင်းနှုန်းသာ ရောင်းပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အချို့ဆိုင်တွေမှာ မနက်ပိုင်း နာရီပိုင်းလောက်သာ ရောင်းချပေးနေပြီး အပြင်မှာ ရေသန့်ဘူး နဲ့ ဓာတ်ဆီ ရောင်းသူတွေမှာလည်း တစ်လီတာကို ၄၀၀၀ ကျပ် ပေးရတယ်လို့ မြစ်ကြီးနား မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ညနေပိုင်းလောက် ကျနော့်ဆိုင်ကယ်မှာရှိတဲ့ ဆီလက်ကျန်နဲ့ ဆီဖြည့်ဖို့ မြို့ထဲ ကိုသွားတာ ဘယ်ဆိုင်မှ မဖွင့်ဘူး။ အဲဒါနဲ့ ကွမ်းယာဆိုင်မှာ ရေသန့်ဘူးနဲ့ ရောင်းနေတဲ့ သူဆီမှာ ဝင်ဖြည့်တာ တစ်လီတာဘူးကို ဆီက တစ်လီတာ အပြည့်မပါဘူး အဲဒါကိုပဲ လေးထောင်နဲ့ ထည့်လာခဲ့ရတယ်”

ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့ အပါအဝင် ပူတာအို၊ ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်းစတဲ့ မြို့တွေမှာ ဆီပြတ်လပ်နေသလို တစ်လီတာကို လေးထောင်ကနေ ငါးထောင်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဗန်းမော်မြို့မှာတော့ ဆီပြတ်လပ်မှုမရှိသေးတာကြောင့် ဆိုင်တွေဖွင့်ထားကြပေမယ့် ဓာတ်ဆီကို အကန့်သတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ၉ ရက်နေ့ကစပြီး ဖားကန့်မြို့မှာ ဓာတ်ဆီပြတ်လပ်သွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆယ်ဇင်းမှာ တိုက်ပွဲစဖြစ်ပြီး နောက်ပိုင်းကတည်းက ဆီဆိုင်တော်တော်များများက ပိတ် ကုန်တယ်။ ဆီရတဲ့ ဆိုင်မှာက တစ်လီတာကို လေးထောင်နီးပါးရှိတယ်။ အဲဒါလည်း အမြဲတမ်း မဖွင့်ဘူး။ ဒီမှာက ဆိုင်ကယ်နဲ့ပဲ စားဝတ်နေရေး ဘာညာကအစ ဆိုင်ကယ်နဲ့ပဲဆိုတော့ အခုလို ဆီပြတ်တော့ ခြေထောက်ပြတ်တာပေါ့”

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က စက်သုံးဆီ ဓာတ်ဆီ တစ်လီတာကို ၁၆၁၅ ကျပ်အထိ ဈေးကျခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဆီဈေးနှုန်း မြင့်တက်လာပြီး ရန်ကုန်ပါဝင် အခြားမြို့ ကြီးတွေမှာပါ စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။