ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ
2024.07.31
ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ လိုသလောက် ဝယ်လို့မရတော့ဘဲ စက်သုံးဆီ ပြတ်လပ်နေပြီး အကန့်အသတ်နဲ့ ရောင်းချနေတယ်လို့ မြို့ခံတွေနဲ့ အငှားယာဉ်မောင်းတွေက RFA ကို ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အောက်တိန်း-၉၅ ဓာတ်ဆီ တစ်လီတာကို ၂၇၅၀ ကျပ်ရှိပြီး အောက်တိန်း-၉၂ ဓာတ်ဆီကတော့ ဝယ်လို့မရတဲ့အခြေအနေ ဖြစ်နေတာပါ။
အောက်တိန်း-၉၅ ဓာတ်ဆီကလည်း ကျပ်သုံးသောင်းဖိုးနေ ငါသောင်းဖိုးအထိပဲ ဝယ်လို့ရတော့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က အငှားယာဉ်မောင်း ဦးမျိုးက RFA ကို ပြောပါတယ်။
"ဓာတ်ဆီက ၉၂ ရော၊ ၉၅ ရော အခု ဆိုင်တိုင်း ဝယ်လို့မရတော့ဘူး။ အောက်တိန်း-၉၂ က မရတော့တဲ့ဆိုင် ပိုများတယ်။ ရရင်လည်း မိုးထဲရေထဲ တန်းစီပြီးဝယ်နေရတာ။ သုံးသောင်းဖိုးနေ ငါသောင်းဖိုးအထိပဲ ကျွန်တော်ဝယ်ခဲ့တဲ့ဆိုင်တွေက ရောင်းပေးတော့တယ်။ လိုသလောက်တော့ ဝယ်မရတော့ဘူး။ ဆီထပ်ဖြည့်ချင်ရင် နောက်တစ်ခါ တန်းစီပေါ့"
ဒီရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ အနည်းငယ်ကျလာပြီးနောက် အခုလို ဝယ်ယူဖို့ ခက်ခဲလာတာလို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းစျေးနှုန်းအရ ရန်ကုန်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး အောက်တိန်း - ၉၂၊ ၉၅ ဓာတ်ဆီ တစ်လီတာကို ၅၅ ကျပ်ဝန်းကျင် ကျဆင်းခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့က စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာချိန် စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းကျဖို့ ဖိအားပေးနေတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်လာတဲ့အခြေအနေဖြစ်လာပြီး အခုလို ရောင်းချမှုတွေ ကန့်သတ်လာတာလို့ RFA ကိုပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။