မန္တလေးနဲ့ တောင်ကြီးမှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာ ကြုံနေရ

RFA Burmese
2024.08.19
မန္တလေးနဲ့ တောင်ကြီးမှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာ ကြုံနေရ တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူရန်အတွက် တန်းစီနေကြသူများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း မန္တလေးမြို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှာ အကန့်အသတ်နဲ့ ရောင်းချတဲ့စက်သုံးဆီ ဝယ်ယူရရှိနိုင်ဖို့ ညအိပ်တန်းစီရတာနဲ့ တစ်ရက်ကြိုပြီး တန်းစီရတဲ့ အခြေအနေအထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သြဂုတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင်တွေမှာ တစ်ရက်တာအတွက် ရောင်းချတဲ့ပမာဏ ကုန်သွားချိန်မှာ နောက်တစ်ရက်မှာ ရောင်းချမဲ့ စက်သုံးဆီကိုရနိုင်ဖို့ အရောင်းဆိုင်တွေရှေ့ တစ်ရက်ကြိုပြီး တန်းစီနေရတာလို့ တောင်ကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စက်သုံးဆီက ဒီနေ့အတွက် ပေးလို့ကုန်သွားတာနဲ့ ခဏနေရင် မနက်ဖြန်အတွက် လာတန်းစီရတော့တာပဲ။ တစ်ရက်လောက် အချိန်ကုန်တာပေါ့နော်။ အဲဒီလိုမှ တန်းမစီရင် ဆီရဖို့က မလွယ်ဘူး။ အခုနောက်ပိုင်းဆို တခြားဒေသကလည်း တောင်ကြီးမှာလာပြီး နေထိုင်ကြတာရှိတယ်။ အဲဒီတော့ အရင်ထက်လည်း ဆိုင်ကယ်နဲ့ ကားအရေအတွက်က များတယ်”

သြဂုတ် ၁၈ ရက် မနေ့ကစလို့ အရောင်းရပ်ထားတဲ့ စက်သုံးဆီဆိုင်တချို့ ပြန်ရောင်းပေမဲ့ လုံလောက်မှု မရှိသေးဘူးလို့ သူက ပြောပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း စက်သုံးဆီ အလုံအလောက်မရသေးတာကြောင့် ညအိပ်တန်းစီနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင်တွေအနီးက လမ်းမတွေမှာ ဆီတန်းဆီနေတဲ့ သုံးဘီးဆိုင်ကယ်၊ အငှားယာဥ်နဲ့ မော်တော်ယာဥ်တွေ ပြည့်နေပြီး သုံးဘီးဆိုင်ကယ်တစ်စီးကို ကျပ်တစ်သောင်းခွဲဖိုးရဖို့ ည ခုနစ်နာရီလောက်ကတည်းက တန်းစီခဲ့ရတယ်လို့ မန္တလေးမြို့က သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။

သြဂုတ်လ ဒုတိယအပတ်ကစလို့ နိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုတွေ ကြုံနေရပြီး လိုသလောက် ဝယ်လို့မရတော့ဘဲ အကန့်အသတ်နဲ့သာ ဝယ်နေကြရတာပါ။ စက်သုံးဆီ ပြတ်လပ်မှု ဆိုးရွားလာပြီးနောက် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့လည်း သြဂုတ်လ ၁၅ ရက်နေ့ကစလို့ ပိတ်ထားရပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကတော့ စက်သုံးဆီ ပြတ်လပ်တာမရှိဘူးလို့ သြဂုတ်လ ၁၄ ရက်က စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။