စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို အရေးယူခဲ့ကြောင်း စစ်ကောင်စီ ပြော

RFA Burmese
2023.12.26
စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို အရေးယူခဲ့ကြောင်း စစ်ကောင်စီ ပြော ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းအနီး စောင့်ဆိုင်းနေကြသည့် ဆီဘောက်ဆာကားများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်နဲ့ မန္တလေးမြို့နယ်အချို့က စက်သုံးဆီအရောင်းဆိုင် (၁၆) ဆိုင်ကို စက်သုံးဆီ ရှိနေပေမယ့် ရောင်းချမပေးတာ၊ ခွင့်ပြုချက်မရဘဲ ဆီသယ် (Bowser) ကားတွေနဲ့ သယ်ယူပြီး သတ်မှတ်ထားတဲ့စျေးထက် ပိုရောင်းချတာကြောင့် ယာယီပိတ်သိမ်း အရေးယူထားတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၂ နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တရားမဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချသူတွေ ပပျောက်ဖို့အတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးချိန် အဲဒီ (၁၆) ဆိုင်မှာ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနဲ့ မညီတာတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးရိုက်တာ၊ လိုင်စင်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အဲဒီစက်သုံးဆီ (၁၆) ဆိုင်ရဲ့ အမည်တွေကို‌တော့ ဖော်ပြထားခြင်း မရှိပါဘူး။

စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (နေပြည်တော်) နဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်း (ရန်ကုန်) ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခွင့်မရှိကြောင်းသာ အကြောင်းပြန်ပါတယ်။

စစ်ကောင်စီက စက်သုံးဆီပြတ်လပ်မှု မရှိစေရဘူးလို့ပြောနေချိန် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နိုင်ငံအနှံ့က ဆီဆိုင်တွေမှာ ဆီပြတ်လို့ ကားတွေ၊ ဆိုင်ကယ်တွေ ညအိပ်တန်းစီ စောင့်ဆိုင်းနေခဲ့ရပါတယ်။

ဒါတွေဟာ စစ်ကောင်စီကြောင့် မဟုတ်ဘဲ စက်သုံးဆီအရောင်းဆိုင်တွေကြောင့် ဖြစ်တယ်ဆိုတာ လွှဲချချင်တာကြောင့် အခုလို သတင်းမျိုး ထုတ်ပြန်တာလို့ စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဆီဆိုင်တွေ အရေးယူထားတယ် ပြောတယ်၊ ဘယ်ဆိုင်တွေဖြစ်တယ်ဆိုတာလည်း ပွင့်ပွင့်လင်းလင်း ဖော်မပြဘူး၊ သူတို့ (စစ်ကောင်စီ) မှာ အမေရိကန်ဒေါ်လာတွေ ရှားပါးလာတာ၊ အရင်ကလို စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာကို ၂၁၀၀ နဲ့ မပေးနိုင်တော့ဘဲ အပြင်ပေါက်စျေးနဲ့ ထုတ်ရောင်းနေရတာတွေကို ဖုံးကွယ်ထားမယ်၊ ဆီတွေပြတ်နေတာ၊ ကားတွေ တန်းစီနေရတာ စက်သုံးဆီ အရောင်းဆိုင်တွေကြောင့် ဖြစ်တယ်ဆိုတာကို လက်ညှိုးထိုးအပြစ်ရှာချင်တာကြောင့် စစ်ကောင်စီက အခုလို သတင်းမျိုးတွေကို ထုတ်ပြန်နေတာပါ"

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နိုင်ငံအနှံ့မှာ နေ့စဉ် စက်သုံးဆီ ဝယ်လိုအားဟာ ဆီဂါလန်ပေါင်း သုံးသန်းကျော် လေးသန်းနီးပါးရှိတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ လလယ်ပိုင်းအထိ တရားမဝင်သိုလှောင်ထားတဲ့ စက်သုံးဆီဂါလန်ပေါင်း ခုနစ်သောင်းနီးပါး (၆၉၉၀၉) ဂါလန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၃၅ သန်းကျော်၊ ဆီသယ်ယာဉ် (Bowser) ၁၁ စီး၊ တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်တွေ အပါအဝင် ဖြန့်ဖြူး ရောင်းချတဲ့နေရာတွေမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။