မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါရွာထဲကို ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သားအမိနှစ်ဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ဆယ်လသမီးတို့ ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆၆ နှစ်နဲ့ အသက် ၈၁ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဂန့်ဂေါမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၅၀ ကနေ မြို့အနီးဝန်းကျင် က ရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အချက် နှစ်ဆယ်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အနီးအနားရွာတွေကို ပတ်ချာလည်ပစ်လို့ အိမ်မှာနေနေတဲ့ သားသည်မိခင်နှစ်ယောက် သေတယ်။ အဖိုးကြီးနှစ်ယောက်က ဒဏ်ရာရသွားတယ်”
ဒီအပြင် စိုင်ဒူးရွာအနီးကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေရဲ့ နွားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးဝင်းရဲထွန်းကလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သူ မသိဘူးလို့ ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။