မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်ရွာမှာ ဇွန်လ ၁၉ ရက်နေ့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားရာကနေ အသက် ခုနစ်နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၉ ရက် ညနေ ၅ နာရီလောက်မှာ ဂန့်ဂေါမြို့နယ် ကန်ရွာကနေ စစ်ကောင်စီတပ် ပြန်ထွက်ခွာသွားချိန် အသက် ခုနစ်နှစ်အရွယ် မောင်ပြည့်စုံအောင်နဲ့ မောင်မင်းထွဋ်ဇော်တို့ နှစ်ဦးက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆန် ဗုံးသီးတစ်လုံးကို တွေ့ရှိတာကြောင့် ဗုံးသီးမှန်းမသိဘဲ ဆော့ကစားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ဆော့ကစားချိန် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ဦးလုံး သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံ ရွာသားတစ်ဦးက RFA ကို ရှင်းပြပါတယ်။
"၄၀ မမ ဗုံးသီးပေါက်ကွဲတာပေါ့နော်။ ကလေးလေးတွေက နှစ်ယောက်လုံးက အသက်က ခုနစ်နှစ်ပဲ ရှိသေးတယ်။ သူငယ်ချင်းတွေထင်တယ်။ သွားကြလာကြရင်းနဲ့ ဒီဗုံးသီးကို တွေ့တာပေါ့။ အဲဒီ ဗုံးသီးကို မြှောက်ပြီးတော့ ဆော့ကစားတာတွေ လုပ်တာပေါ့နော်။ ကျောက်ခဲလေးနဲ့ ထုလိုက်မိတယ် ထင်တယ်။ အဲဒီမှာ ပေါက်ကွဲမှု ဖြစ်ပြီးတော့ သေသွားတာ"
မကွေးတိုင်း ဂန့်ဂေါဘက်က ရောက်လာတဲ့ အင်အား ၇၄ ယောက်ပါ စစ်ကြောင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်က ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း နှစ်ခုဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်ရွာအနီးမှာ နှစ်ရက်ကြာ စခန်းချခဲ့ပြီးတဲ့နောက် ဇွန် ၁၉ ရက် ညနေပိုင်းမှာ ပြန်ထွက်ခွာသွားချိန် မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ဆန်ကို ကလေးနှစ်ဦးက တွေ့ရှိခဲ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
၄၀ မမ ဗုံးသီးလို့ ယူဆရတဲ့ အဲဒီလက်နက်ကြီး ကျည်ဆန်ဟာ ကလေးမြို့ဘက်က ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းကနေ ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်ပိုင်း ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကစလို့ မကွေးတိုင်း ကျော်မြို့ကနေထွက်လာတဲ့ စစ်သားအပြည့် လိုက်ပါလာတဲ့ စစ်ကား အစီး ၁၀၀ ကျော်ထဲက ၉၈ စီးဟာ ဇွန်လ ၁၇ ရက်နေ့က ဂန့်ဂေါမြို့နယ်ဘက်ကို ရောက်လာပြီး အခုပေါက်ကွဲမှုဖြစ်တဲ့ ကန်ရွာအပါအဝင် ဂန့်ဂေါ မြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။