ဂန့်ဂေါမှာ လေကြောင်းကဗုံးကြဲလို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
2024.08.11
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဝါးပင်ရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၁ ရက် ဒီနေ့မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ်လေးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး၊ အသက် ၂၅ နဲ့ ၆၀ အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦး ဒဏ်ရာရခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ကျောတိုက်နယ် ဝါးပင်ရွာမှာ တိုက်ပွဲလည်း လုံးဝမရှိဘဲနဲ့ လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်။ ဝါးပင်ရွာထဲက ပြည်သူနေအိမ်တစ်လုံးပေါ်ကိုကျပြီး အိမ်မှာနေနေတဲ့သူ တစ်ဦးသေဆုံးခဲ့တယ်။ လေးဦးကတော့ ထိခိုက်ဒဏ်ရာရတယ်”
ဒဏ်ရာရသူတွေထဲ အသက်အန္တရာယ် စိုးရိမ်ရသူတွေပါဝင်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်နဲ့ နယ်မြေတစ်ဆက်တည်းဖြစ်တဲ့ ထီးလင်းမြို့နယ်ထဲက ရေပုတ်၊ ရှဲရွာနဲ့ ရေမျက်နီရွာ အနီးတစ်ဝိုက်ကိုလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာတော့ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေက ဒေသခံတစ်ထောင်ခန့်ဟာ လေကြောင်းက ထပ်မံတိုက်ခိုက်ခံရမှာနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှာကိုစိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။