စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ရန်ကုန်တိုင်းက စက်သုံးဆီဆိုင်တချို့ ပိတ်ထားရသလို ဖွင့်ထားတဲ့ ဆိုင်အချို့မှာလည်း 92 အမျိုးအစား ဓာတ်ဆီတစ်မျိုးတည်းသာ ရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက် ဒီနေ့မှာ 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာပေါက်ဈေး ကျပ် ၂၄၀၀ ကျော် ရှိနေပြီး ကားတစ်စီးကို ဆီတစ်သောင်းဖိုးပဲ ထည့်ပေးတယ်လို့ အငှားယာဉ်မောင်း ဦးသန်းဆွေက ဆိုပါတယ်။
"ဆီက တစ်သောင်းဖိုး ထည့်လို့ရတယ်။ 95 ကတော့ ဆိုင်တိုင်းမရှိ။ ကျနော်ထင်တယ် သုံးပုံ နှစ်ပုံလောက်က ပိတ်ထားတဲ့ ဆိုင်တွေချည်းပဲ။ ဆီတစ်သောင်းဖိုးနဲ့ ကား ဆွဲလို့လည်း မရတော့ ဒီနေ့တော့ ကားထွက်ဆွဲတာ နားလိုက်တယ်"
အချို့ဆိုင်တွေမှာ အနည်းငယ် ဝယ်လို့ရပေမယ့် တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းတဲ့ဈေးတွေ မတူဘူးလို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း 92 တစ်လီတာကို ကျပ်၂၈၀၀ ကနေ ၃၀၀၀ အထိ ပေးဝယ်ယူရပြီး ဩဂုတ်လ ၁၂ ရက် မနေ့ကစလို့ စက်သုံးဆီဆိုင် (၁၃) ဆိုင်နီးပါး ပိတ်ထားရပါတယ်။
ဒီနေ့မှာလည်း မြစ်ကြီးနားတစ်မြို့လုံးက စက်သုံးဆီဆိုင် အကုန်နီးပါး ပိတ်ထားရတယ်လို့ မြစ်ကြီးနားဒေသခံ ကိုနော်နော်က RFA ကိုပြောပါတယ်။
"လမ်းပေါ်ကို ကြည့်လိုက်ရင် အကုန် ဆိုင်ကယ်တွန်းနေတဲ့ သူချည်းပဲ။ ဆီလိုက်ရှာ ဝယ်နေကြတာ ဟုတ်တယ်။ နောက်နှစ်ရက်လောက်အထိ ဆီပြတ်နေရင်တော့ လမ်းပဲ လျှောက်ရမယ် ထင်တယ်။ ကျနော်ဖြစ်စေချင်တာက ဆီဆိုင်တွေက လူတစ်ဦး တစ်သောင်းဖိုး ရောင်းမယ်၊ လူဦးရေတစ်ရာပဲရမယ်။ အဲလိုဆိုလည်း တော်သေးတယ်။ အခုက ဆိုင်ကြဖွင့်ထားတယ် သွားထည့်ရင် ဆီမရှိဘူး"
လမ်းဘေးမှာ မှောင်ခိုရောင်းချတဲ့ ဆီဆိုင်တွေမှာဆိုရင် ဓာတ်ဆီ ရေသန့်တစ်ဘူးကို ကျပ်တစ်သောင်းအထိ ပေးဝယ်နေရတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာတော့ ဆီအနည်းငယ် ဝယ်လို့ရနေပေမယ့် ကျန်တဲ့မြို့နယ်တွေက စက်သုံးဆီဆိုင် အကုန်နီးပါးကတော့ ပိတ်ထားရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့မှာလည်း မနေ့ကအထိ ဆိုင်ကယ်တစ်စီးကို ဆီနှစ်ထောင်ဖိုး၊ ကားတစ်စီးကို တစ်သောင်းဖိုး ဝယ်လို့ရနေပေမယ့် ဒီနေ့မှာတော့ ဆီဆိုင်တွေ အကုန်နီးပါး ပိတ်ထားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့တော့ ဂိမ်းအိုဗာသွားပြီ ထင်တယ်။ ဟိုနားဒီနားကိုတော့ စက်ဘီးပဲ စီးကြတယ်။ လမ်းပေါ်တောင် လူရှင်းနေတယ်"
မန္တလေးမြို့မှာလည်း စက်သုံးဆီဆိုင်တချို့ ပိတ်ထားဆဲဖြစ်သလို ဖွင့်တဲ့ဆိုင်တွေမှာလည်း လူရာနဲ့ချီ တန်းစီဝယ်နေရတယ်လို့ မန္တလေးမြို့ခံ မဝေဝေက RFA ကိုပြောပါတယ်။
"ဆိုင်ကယ်တဝီဝီနဲ့မြို့က အခုတော့ လမ်းတွေရှင်းနေတာပဲ။ ပိတ်တဲ့ဆိုင်က ပိုများတယ်။ ဖွင့်တဲ့ဆိုင်လည်း ရှိတယ် တန်းစီနေတာ လူတစ်ရာအထက်မှာ ရှိတယ်။ ကားတစ်စီး တစ်သောင်းဖိုးပဲ ရောင်းပါတယ်"
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး 92 အမျိုးအစား ဓာတ်ဆီတစ်မျိုးတည်းကိုသာ ကျပ် ၂၄၀၀ ကျော်နဲ့ ဝယ်ယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က စက်သုံးဆီ တစ်လီတာကို ကျပ် ၁၆၁၅ ဈေးအထိ ကျဆင်းခဲ့ပေမယ့် အဲဒီနောက်ပိုင်း စျေးတွေပြန်တက်လာနေတာ ဖြစ်ပါတယ်။