တရုတ် မြန်မာနယ်စပ်က ကျင်စန်းကျော့ဂိတ်ကို တပ်မတော် တာဝန်ရှိသူတွေပိတ်

2018-12-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၈ ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်ဆန်းကျော့ဂိတ် ပိတ်လိုက်တဲ့အတွက် ကားနဲ့လူတွေ ပိတ်မိနေစဉ်
၂၀၁၈ ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်ဆန်းကျော့ဂိတ် ပိတ်လိုက်တဲ့အတွက် ကားနဲ့လူတွေ ပိတ်မိနေစဉ်
Credit: Sai Myint Bo
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ဝမ်တိန် ဘက်ကို အသီးအနှံနဲ့ ကျွဲနွားတွေ အဓိက တင်ပိုနေတဲ့ ကျင်စန်းကျော့ဂိတ်ကို လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်တာဝန်ရှိသူတချို့က ဒီမနက်မှာ ပိတ်လိုက်ပါတယ်။
အဲဒီဂိတ်ကို ဘာကြောင့် ပိတ်တယ်ဆိုတာကိုတော့ ပြောဆိုတာမရှိဘူးလို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် အသင်းဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်ကစလို့ မြန်မာဘက်ကနေ တရုတ်ကိုပို့နေတဲ့ ဖရဲကားတွေကို တရုတ်ဘက်က စစ်ဆေးမှုတွေ ကြန့်ကြာနေတာကြောင့် ကျင်စန်းကျော့ဂိတ် လမ်းတလျှောက်နဲ့ ဝင်ပေါက်တွေမှာ ကားတွေ ပိတ်ဆို့နေပါတယ်။

ဒီကနေ့မနက်ထိ နယ်စပ်မှာ ၁၀၅ မိုင် သစ်သီးရောင်းတဲ့နေရာနဲ့ လမ်းတလျှောက်လုံးမှာ ဖရဲသီးတင်ကား အစီးရေ ၁၅၀၀ လောက် ပိတ်မိနေတာကြောင့် ကားသမားတွေနဲ့ ကုန်သည်တွေ ဒုက္ခရောက်နေရတယ်လ့ို ဦးစိုင်းမြင့်ဗိုလ် က ပြောပါတယ်။

တရုတ်နိုင်ငံထဲကို ဖရဲသီးတင်ပို့မယ့် ကားတွေဟာ မူဆယ် ၁၀၅ မိုင် သစ်သီးဒိုင်ကွင်းမှာ တရုတ်ကုန်သည်တွေက လာရောက်ဈေးဖြတ်ဝယ်ယူကြတာဖြစ်ပြီး ဈေးဖြတ်ဝယ်ယူပြီးတဲ့ ကားတွေကို တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို ကျင်စန်းကျော့လမ်းကနေ ပို့ဆောင်ပေးရတာပါ။

လက်ရှိမှာ မြန်မာဘက်အခြမ်းမှာ ဖရဲကုန်သည်တွေ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အစိုးရအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကုန်သည်တွေဘက်က လိုလားနေကြပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ ဖရဲသီး၊ သခွားမွေး စတဲ့ သစ်သီးတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေဟာ အခုလို ရက်ကြာကြာပိတ်မိနေတဲ့အတွက် အသီးတွေပျက်စီးကုန်ပြီး ကုန်သည်တွေ အခက်တွေ့နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။


ကားတစ်စီးကို ကုန်ချိန် ၃ တန်လောက်အထိ ဆုံးရှုံးနေရပြီလို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် က ပြောပါတယ်။

‘’လောလောဆယ်ကတော့ ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်နေပြီပေါ့ဗျာ၊ ပိတ်ထားလိုက်တဲ့အတွက် သွားစရာလမ်း လည်း မရှိတော့ဘူးလေ၊ ကြူကုတ်ပန်ဆိုင်းလည်း သွားလို့မရဘူး၊ အခုလောလောဆယ်ကိုပဲ ကားတစ်စီးကို ၃ တန်လောက် ဆုံးရှုံးမှုရှိနေပြီ၊ ကားအစီး ၄၀၀ ဆို တန်ချိန် ၁၂၀၀ လုံးဝ အနည်းဆုံးပယ် သီးဖြစ်သွားပြီ၊ အခုပိတ်မိနေတာက အစီး တစ်ထောင်ကျော်သွားပြီဗျ၊ ၁၀၅ မိုင်ဝင်းထဲမှာ အခုလောလောဆယ် အစီး ၇၀၀ ၈၀၀ လောက်ရှိနေပြီ၊ လမ်းပေါ်မှာ ကျင်ဆန်းကျော့နဲ့ ၁၀၅ မိုင်ကြားမှာဆို အစီး ၅၀၀ လောက်ရှိတယ် ၁၀၅ မိုင်နဲ့ မြန်မာပြည်အရပ်ရပ်က မပါသေးဘူး၊ အေးဗျာ ကိုယ့်မြန်မာဘက်က ပိတ်တာဆိုတော့လည်း ဒီအပေါက်ကလည်း မြန်မာပို့ကုန်သစ်သီး၊ ရေခဲငါး၊ ငါးရှဉ့်၊ ဂဏန်းတွေက ဒီအပေါက်ကသွားတာ၊ သွင်းကုန်မရှိဘူး ဒီအပေါက်က ပို့ကုန်ပဲရှိတာ၊ ကျနော်တို့ ကိုယ့်မြန်မာနိုင်ငံပဲနာတော့ဗျာ’’

တရုတ်နိုင်ငံဘက်က ကုန်ကားတွေကို စိစစ်ရမယ့်ဝန်ထမ်းဦးရေ မလုံလောက်တဲ့အတွက် မနိုင်မနင်းဖြစ်နေရတယ် လို့လည်း ကုန်သည်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

မူဆယ်ကို တစ်ရက်ကုန်ကားစီးရေ ၄၀၀ ကျော်လောက်ထိ နေ့စဉ်ဝင်နေပေမယ့်လည်း တရုတ်ဘက် ကျင်ဆန်းကျော့ ဂိတ်က ကုန်ကားစီးရေ ၃၀၀ လောက်သာ လက်ခံတယ်လို့ဆိုတဲ့အတွက် စောင့်နေရတဲ့ ကုန်ကားစီးရေက မူဆယ်ဘက်မှာ ထောင်နဲ့ချီဖြစ်နေရလို့ မမျှတတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဖရဲသီးတစ်တန်ကို တရုတ်ဖက်က ယွမ်ငွေ ၁၇၀၀ နဲ့ ၁၈၀၀ ကြား ဈေးပေါက်နေပေမယ့်လည်း အသီး အနာအဆာ ပါရင်လည်း သူတို့ဘက်က ပယ်သီးတွေအဖြစ် လက်မခံကြလို့ နစ်နာတာတွေရှိတ်လို့ သစ်သီးကုန်သည် တစ်ဦးဖြစ်တဲ့ ဦးမြင့်စိုးက ပြောပါတယ်။

‘’ဖရဲသီးတစ်တန် မနေ့ကပြောတာတော့ ၁၇၀၀၊ ၁၈၀၀ အဲဒီပတ်ဝန်းကျင်ပါပဲ၊ တစ်တန်ကို ယွမ် ၊ မြန်မာငွေနဲ့ဆို ၃ သိန်းကျော် ၄ သိန်းပတ်ဝန်းကျင်လောက်ပေါ့ ၊ သွားရေးလာရေးအဆင်ပြေချောမွေ့ စေဖို့ ဟိုဖက်ဒီဖက် အာမခံ ချက်လေးရှိအောင်လို့ ၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ဝင်းထဲမှာပဲ ကိုယ်ချိန်းရင် ပို ကောင်းတာပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာပဲ ချိန်းလိုက် သူတို့ဖာသာ ဘယ်လိုပဲသယ်သယ်ပေါ့ဗျာ၊ အခုက ကျနော်တို့က ဖရဲသမားတွေက ရောင်းသာရောင်း လိုက်တယ် ကားမချိန်းမချင်းက စိတ်မချမ်းသာသေးဘူး၊ ဖရဲသီးဘယ်လိုဖြစ်မယ် ပိုက်ဆံဘယ်လိုအဖြတ်ခံရမယ် အဲဒါပဲစဉ်းစားနေရတာ၊ သူတို့ဘက်က ချိန်းပြီးပြီဆိုမှ အော် ငါက ဒီလောက်ပဲရတာလားဆိုပြီးတော့ ဖြစ်ကုန်တာလေ’’

ကုန်သည်တွေကတော့ မူဆယ်ဘက်မှာတင်ပဲ အသီးတွေကို ချိန်းပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ခုလိုမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ သစ်သီးဝလံကုန်ကားကြီးတွေ ပိတ်မိနေရတဲ့အကြောင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာနဲ့ ကိုကျော်သူ ပေးပို့တာပါ။

ဆိုက်တခုလုံးသို့