စစ်ကောင်စီက အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ဩဂုတ်လ ၂၆ ရက် ဒီနေ့မှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်အထိ ရှိနေသလို အခေါက်ရွှေတစ်ကျပ်သားကိုလည်း ငွေကျပ် ၂၈ သိန်း ၂ သောင်းအထိ ပြန်တက် နေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ၂၈၀၀ ကျပ်နဲ့ ၂၉၀၀ ကျပ် ကြားရှိခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ်ငွေ ၂၇ သိန်းအထိ ရှိခဲ့တာပါ။
အခုနောက်ပိုင်း ဒေါ်လာဝယ်ယူရခက်ခဲလာတာကြောင့် ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ထပ် တက်လာနေတာလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါ်လာဝယ်ရတာ အရမ်းခက်လာတယ်။ လုပ်ငန်းရှင်တွေက ဝယ်ရခက်လာတော့ အပြင်မှာလိုက်ဝယ်ရော၊ လိုက်ဝယ်တော့ ဈေးတွေကပိုတက်ရော။ ဒေါ်လာဈေးကတော့ ရောင်းလိုအား၊ ဝယ်လိုအားပေါ် မူတည်တာပဲ။ ဝယ်တဲ့သူများနေပြီး ရောင်းတဲ့သူနည်း နေတော့ ဈေးတွေက ပိုတက်လာတာပေါ့။ သူတို့ရဲ့ ဈေးတွေက အရှင်တွေပဲ။ ရွှေဈေးက တော့ ကမ္ဘာ့ရွှေဈေးနဲ့ အရမ်းကွာပြီး ရောင်းလို့တော့မရဘူး။ ကမ္ဘာကြီးနဲ့ ကင်းကွာလို့ တော့မရဘူး။ ဈေးကတော့ အထိုက်အလျောက်ရှိနေတာပဲ”
ဩဂုတ်လ ၁၃ ရက်နေ့မှာတော့ အခေါက်ရွှေဈေးတစ်ကျပ်သားဟာ ၂,၈၃၅,၀၀၀ ကျပ်အထိ စံချိန်တင် ဈေးတက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းဈေးကျလာပြီးနောက် အခုတစ်ပတ်အတွင်းမှာ ဈေးပြန်မြင့်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဆိုင် ရှင်တစ်ဦးက ပြောပါတယ်။