ပညာဝရွာနဲ့ မောင်နှမရွာကြားမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်


2018.12.22
rakhine-refugees-622.jpg တိုက်ပွဲဖြစ်ပွားနေတာကြောင့် ငစရိုင်းကိုင်းကျေးရွာကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပညာဝရွာနဲ့ မောင်နှမရွာကြားမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားနေကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး ဖေစ့်ဘွတ်စာမျက်နှာက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြန်မာ့တပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)က ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတာ မကြားမိသေးကြောင်းနဲ့ စုံစမ်းမေးမြန်းနေကြောင်း RFA ကို ပြန်လည် ဖြေကြားထားပါတယ်။

ကျွန်းသာယာ၊ ချင်းမဝန်တောင်း၊ သလူချောင်း၊ ပညာဝ၊ ငစရိုင်းကိုင်း စတဲ့ ကျေးရွာတွေ အနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး မနေ့က ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ကြားနေကြရဆဲဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ အဆိုအရ ဒီဇင်ဘာလ ၁၈ ရက်နေ့က မြန်မာ့တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး ကျည်ခွံတွေဟာ ကျေးရွာအတွင်းကို ကျရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ချင်းမဝန်တောင်းကျေးရွာကနေ ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အချိန်က သလူချောင်းကျေးရွာအပေါ်က ပျံဝဲပြီး ပစ်ခတ်တာတွေရှိခဲ့တာကြောင့် ရွာသားတွေကြောက်လန့်ပြီး နေအိမ်အတော်များများမှာ ဗုံးခိုကျင်းတွေ လုပ်ထားကြတာကိုလည်းတွေ့ရပါတယ်။

ရဟတ်ယာဉ်သုံး တိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာတပ်မတော်အနေနဲ့ ရဟတ်ယာဉ်သုံး တိုက်ခိုက်တာမရှိကြောင်းနဲ့ အဲ့ဒီဒေသမှာ ရဟတ်ယာဉ်သုံးစွဲတာဟာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သာ သုံးစွဲတာရှိကြောင်း မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။