ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထားတဲ့ထဲက ကျန်ရှိသူအားလုံးကို လွှတ်ပေး

ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက နောက်ဆုံးကျန်နေတဲ့ ၂၂ ယောက်လုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

AA အဖွဲ့နဲ့ ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အတိုင်း ပြန်လွှတ်ပေးလိုက်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးပြီးဖြစ်တာကြောင့် ကျောက်တန်းကျေးရွာမှာ ထိန်းသိမ်းထားတဲ့သူတွေ မရှိတော့ဘူးလို့လည်း ပြောပါတယ်။

ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်လို့ သံသယရှိသူ ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃ဝ ရက်နေ့က စတင်ထိန်းသိမ်းစစ်ဆေးခဲ့ပြီး မေလ သုံးရက်နေ့က ၁၂၆ ယောက်၊ မေလ ခြောက်ရက်နေ့က ၄၈ ယောက်၊ မေလ ရှစ်ရက်နေ့က ၃၅ ယောက်နဲ့ မေလ ၁၁ ရက်နေ့မှာ ၂၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီနေ့ နောက်ဆုံးကျန်တဲ့သူတွေကို လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မေ ရှစ်ရက်နေ့အထိ ပြန်လွှတ်ပေးလိုက်သူတွေထဲက နှစ်ယောက်ဟာ AA အဖွဲ့နဲ့ ပတ်သက်မှုရှိကြောင်း သိရတာကြောင့် ပြန်လည်ထိန်းသိမ်းလိုက်ရပြီး ဆက်လက်စစ်ဆေးခဲ့ရတယ်လို့လည်း သိရပါတယ်။

တပ်မတော်က စစ်ဆေးခဲ့တဲ့ထဲက AA တပ်ဖွဲ့ဝင်အဖြစ် ဝန်ခံသူ လေးယောက်နဲ့ သံသယရှိသူ နှစ်ယောက်ကို ပြီးခဲ့တဲ့ မေလ ခုနှစ်ရက်နေ့က စစ်တွေရဲစခန်းကို ပို့ဆောင်ပြီး တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့မှာ RFA ကို ပြောဆိုထားပါတယ်။ အလားတူ လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးလိုက်သူ နှစ်ယောက်ကိုလည်း စစ်တွေရဲစခန်းကို လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်ကြောင်း သံသယရှိသူတွေကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေစဉ်အတွင်း မေလ နှစ်ရက်နေ့ မနက် နှစ်နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသူတွေဟာ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ဖို့ ကြိုးစားတာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း တပ်မတော်က ဖွဲ့စည်းပြီး စစ်ဆေးနေပါတယ်။

အဲဒီအဖွဲ့ရဲ့ အကြမ်းဖျင်းစစ်ဆေးချက်တွေအရ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့အတိုင်း မှန်ကန်မှုရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင်နဲ့ ကိုထက်အာကာတို့က ပေးပို့တာပါ။