ဟားခါးအချုပ်ထောင်က လွတ်လာသူတွေထဲ ထောင်တစ်သက်ချခံရသူ ခုနစ်ဦးပါဝင်
2024.07.31
ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်နယ်ရဲစခန်းရဲ့ အချုပ်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအထဲ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံထားရသူ ခုနစ်ဦး ပါဝင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဟားခါးမြို့ ပြည်နယ်ရဲစခန်းကို ဇူလိုင်လ ၂၀ ရက်က ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟားခါး (CDF) က စီးနင်းခဲ့ပြီးနောက် အချုပ်ထောင်ထဲက အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့ပြီး တစ်သက်တစ်ကျွန်းချခံထားရသူတွေလည်း ပြန်လွတ်လာခဲ့တာပါ။
ပြန်လွတ်လာသူတွေထဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရသူ ခုနှစ်ဦး အပါအဝင် ထောင်ဒဏ် သုံးနှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရသူ ၄၉ ဦး ပါဝင်ပါတယ်။
အလားတူ မတူပီမြို့မှာလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ပြန်လွတ်မြောက်ခဲ့ပြီး အဲဒီထဲမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံထားရသူ နှစ်ဦး ပါဝင်တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ - ၁ က ဇူလိုင်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလည်း တွန်းဇံမြို့မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ပြီး အဲဒီထဲမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ CDM မူလတန်းပြဆရာမ မ၀ုန်ဟွဲကိမ်လည်း လွတ်မြောက်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။