ဟားခါးတပ် တပ်ကြပ်ကြီးစာရေး တင်လျန်ဘိခ်ရဲ့မိသားစု အဖမ်းခံရ

2021.10.13
ဟားခါးတပ် တပ်ကြပ်ကြီးစာရေး တင်လျန်ဘိခ်ရဲ့မိသားစု အဖမ်းခံရ ချင်းပြည်နယ် မင်းတပ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: Chin Human Right Organization

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အကြမ်းမဖက်လှုပ်ရှားမှု (CDM) လုပ်သွားတဲ့ တပ်ကြပ်ကြီး စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က သတင်းထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်နဲ့အတူ ယာဉ်မောင်း တပ်သားဗန်ဟွမ်တွပ် (Van Hmun Thup) တို့ဟာ အောက်တိုဘာလ ၉ ရက်နေ့က ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှာ သွားရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်ဟာ နမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ တစ်ဦးဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့မှာနေထိုင်တဲ့ တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်ရဲ့ အသက် ၆၀ အရွယ် မိခင်၊ မသန်စွမ်း ညီမနှစ်ဦးနဲ့ တူမနှစ်ဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီက လာရောက်ဖမ်းသွား ခဲ့ပြီး လက်ရှိ မိသားစုနဲ့ အဆက်သွယ်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့ ဇနီးနဲ့သားသမီးတွေကတော့ ရှောင်တိမ်းနေရတယ် လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဖလမ်းအခြေစိုက် ခမရ ၂၆၈ တပ်ရင်းကဖြစ်ပြီး ဟားခါးမှာရှိတဲ့ စစ်ဗျူဟာမှာ တွဲဖက် တာဝန် ထမ်းဆောင်ဖို့ ရောက်နေချိန်မှာပဲ တပ်ကိုစွန့်ခွာကာ ချင်းကာကွယ်ရေးတပ်ဖွဲ့များထံ ပူးပေါင်းခဲ့တာလို့ CHRO က ဆိုပါတယ်။

ထွက်ပြေးလာချိန်မှာ ဟားခါးမှာရှိတဲ့ နည်းဗျူးဟာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (TOC) ရဲ့ စစ်ဆင်ရေး အချက်အလက်အသေးစိတ်တွေ အပါအဝင် စစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ ယူဆောင်လာခဲ့ တယ်လို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စအတွက် တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို စစ်ဆင်ရေးလုပ်ဆောင်ဖို့စီစဉ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့အတွင်း တင့်ကားနှစ်စီးနဲ့ စစ်သုံးယာဉ် ၄၈ စီး ဖလမ်းမြို့နယ်ကိုရောက်နေသလို စစ်ကား ၁၇၈ စီး နဲ့ တင့်ကားနှစ်စီးလည်း မင်းတပ်မြို့ကိုရောက်နေပြီလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။