ဟိုတယ်မှာမတည်းတဲ့ တရုတ်ခရီးသွားတွေကို ကူရှာပေးဖို့ တိုက်တွန်း

ခေမဏီဝင်း
2020-02-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်ခရီးသွားတချို့ ဟိုတယ်တွေမှာမတည်းဘဲ သာမန်အရပ်သားတွေလို ရပ်ကွက်တွေမှာ တည်းခိုကြတာရှိနေ တာကြောင့်၊ ကိုဗစ် (Covid) ခေါ်  ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလုပ်တဲ့အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ကူညီရှာဖွေပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။  

အဲလိုနေထိုင်တဲ့အထဲ တရုတ်တွေ ဝင်ထွက်သွားလာမှုများတဲ့ မန္တလေးလည်းပါနေပါတယ်။ တနင်္လာနေ့တုန်းက ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လူမှန်သမျှ ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်လန့်နေရ တဲ့ အနေအထားဖြစ်နေတာမို့ တရားမဝင်လူနေထိုင်မှုတွေကို တင်းကြပ်ပေးဖို့ သာစည်မြို့နယ် လွှတ်တော်စား လှယ် ဦးမိုးမြင့်သန်း က ဆွေးနွေးခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နေရာအသီးသီးမှာ ပျံ့နှံ့နေပြီလို့ သိရှိရပါတယ်။ ပျောက်ကင်းကုသနိုင်တဲ့ ဆေး မရှိသေးဘူးလို့ သိရတဲ့အတွက် အလွန်ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ရောဂါပိုးဖြစ်ပါတယ်။ အခုအချိန်က လူမှန်သမျှ ဝူဟန်အတွက် ကြောက့်ရွံနေရတဲ့အချိန်ဖြစ်ပါတယ်။ တရားမဝင်လမ်းကြောင်းက ဥပဒေမဲ့ ခိုးဝင်လာ သူတွေထဲမှာ တကယ်လို့များ ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပါလာမယ်၊ အဲဒီလူတွေ မန္တလေးကို ရောက်လာမယ်ဆိုရင် ဘယ်လောက်များ အန္တရာယ်ကြီးမလဲလို့ မတွေးဝံ့စရာဖြစ်ရပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ချမ်းမြသာစည် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကလည်း ထောက်ခံဆွေးနွေးပါတယ်။

"ဒီကိစ္စက လဝက လုပ်ငန်းတစ်ခုတင် ပြောလို့မရဘူး၊ အားလုံးဝိုင်းပြီး ပူးပေါင်းဆောင်ရွက်မှရမယ်။ အကုန်လုံးမှာ တာဝန်ရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာလည်း တာဝန်ရှိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ပူးပေါင်းဆောင် ရွက်ရမယ်"

မန္တလေးလွှတ်တော်မှာ တရားမဝင်လူနေမှုတွေကို ကန့်သတ်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အေးလင်းထွန်း လည်း ပါဝင်ပါတယ်။

“ရပ်ထဲရွာထဲမှာ ပြည်သူတွေရဲ့ ပြောကြားချက်အရ တချို့ မြန်မာစကားမတက်တဲ့ နိုင်ငံခြားသားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ၊ ရပ်ကွက်တွေထဲမှာ တရားမဝင်ရောက်ရှိနေကြကြောင်း၊ အလုပ်လုပ်ကိုင်နေကြကြောင်း ပြောကြားမှုတွေရှိနေတာ ကြားရပါတယ်။”

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည် ကို RFA က ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

လူနေရပ်ကွက်တွေမှာ တရားမဝင်နေထိုင်တဲ့ တရုတ်လူမျိုးတွေလည်း တွေ့နေရပြီးတော့၊ အခုလို ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်နေရချိန်မှာ ထိရောက်အောင် အရေးယူပေးဖို့ လိုတယ်လို့ မန္တလေးမြို့သား စာရေးဆရာ လွတ်လပ်ငြိမ်း က ပြောပါတယ်။

“တရုတ်လူမျိုးတွေဟာ ကိုယ်ပိုင်အိမ်တွေမှာ လူမသိ၊ သူမသိ ပုန်းပုန်းလျှိုလျှိုနဲ့  ခိုအောင်းနေထိုင်တဲ့သူတွေလည်း အများကြီးရှိနေတယ်ဆိုတာ အရပ်သတင်းတွေအရ ကြားသိရပါတယ်။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် တကယ်လို့များ ဝူဟန်ဗိုင်းရပ်စ် ပျံနှံ့သွားရင် ထိန်းချုပ်လို့မရနိုင်လောက်တဲ့ အခြေ အနေမျိုးဖြစ်သွားနိုင်တာကြောင့် နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တရုတ်လူမျိုးတွေ ထင်သလို ဝင်ရောက်နေတာတွေ တားဆီးပိတ်ပင်သင့်တယ်"

၂၀၁၈-၁၉ တုန်းက မန္တလေးကို ဇီးရိုးဘတ်ဂျက်ခရီးသွား အစီအစဉ်နဲ့ တရုတ်တစ်သောင်းဝန်းကျင် ဝင်ရောက်ခဲ့ ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့် ဇီးရိုးဘတ်ဂျက်ခရီးသွားအုပ်စုလိုက် ဝင်ရောက် မှု မရှိတော့ဘူးလို့ မန္တလေး တရုတ်ကောင်စစ်ဝန်က ပြောထားပါတယ်။

တကယ်လို့တွေ့ရှိရင်လည်း ချက်ချင်းပြန်လွှတ်ဖို့ တရုတ်သံရုံးကို အကူအညီတောင်းနိုင်တယ်လို့လည်း မစ္စ လီလီပဲ က ပြောကြားထားပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ် ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၃၀၀ ကျော်ရှိလာပါပြီ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့