စေတုတ္တရာက ကလေးမိခင် အကြမ်းဖက်ဥပဒေနဲ့ ထောင်နှစ် ၂၀ ချမှတ်ခံရ

2022.06.11
စေတုတ္တရာက ကလေးမိခင် အကြမ်းဖက်ဥပဒေနဲ့ ထောင်နှစ် ၂၀ ချမှတ်ခံရ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် NLD ပါတီလူငယ်တာဝန်ခံ ကိုဗိုလ်မင်းရဲ့ ဇနီး မနှင်းမိုးခိုင်အား တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ NLD ပါတီ လူငယ် တာဝန်ခံရဲ့ ဇနီး အသက် ၃၀ ဝန်းကျင်အရွယ် ကလေးမိခင် မနှင်းမိုးခိုင်ကို မင်းဘူးခရိုင်တရားရုံးက အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇွန်လ ၁၀ ရက် မနေ့က ထောင်နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁ ရက်နေ့က NLD ပါတီလူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို စစ်ကောင်စီ က လာရောက်ဖမ်းဆီးချိန်မှာ ရှာမတွေ့တာကြောင့် ၁၃ လအရွယ်ကလေးကို နို့တိုက်နေတဲ့ မနှင်းမိုးခိုင် ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦး က RFA ကို ပြောပါတယ်။

"ဖမ်းတုန်းကတော့ သူရဲ့နေအိမ်မှာပေါ့နော်။ နေအိမ်မှာပဲ ဖမ်းခံရတယ်။ ဖမ်းခံရတဲ့ အချိန် ကိုဗိုလ်မင်းကတော့ မရှိဘူးဗျ။ ကလေးကို နို့တိုက်နေတဲ့အချိန်မှာ ဖမ်းခေါ်သွား ပေါ့။ ကလေးကိုပါ စခန်းကိုထိ ခေါ်သွားသေးတယ်။ ပြီးမှသူ့ရဲ့အစ်ကိုက လိုက်ထုတ် တယ်လို့ သိရတယ်ပေါ့"

မနှင်းမိုးခိုင်ဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည)၊ ၅၂ (က) နဲ့ ထောင်ချခံ ရတာလို့လည်း ပြောပါတယ်။

မနှင်းမိုးခိုင် ဖမ်းဆီးခံထားရချိန် သူ့ရဲ့ကလေးငယ်ကို အစ်ကိုဖြစ်သူက မွေးစားထားပေးခဲ့ ပေမယ့် စစ်ကောင်စီက အစ်ကိုဖြစ်သူကိုပါ ပြီးခဲ့တဲ့ ဧပြီလက ထပ်မံဖမ်းဆီးခဲ့တာကြောင့် ကလေးကို ပြုစုစောင့်ရှောက်ဖို့ အခက်ခဲရှိနေတယ်လို့လည်း သူက ပြောပါတယ်။ မနှင်း မိုးခိုင်ရဲ့ အစ်ကိုဖြစ်သူဟာ ခြောက်ထောက် မသန်စွမ်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုစားနေတဲ့ ကိုဗိုလ်မင်းဟာ စေတုတ္တရာမြို့မှာ ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့အထိ အချိန်တစ်နှစ်ကျော်အတွင်း NLD ပါတီဝင် ၉၁၇ ဦးအဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၂၁၆ ဦး ပြန်လွတ်လာခဲ့ပေမယ့် ကျန်တဲ့ ၇၀၁ ဦးကတော့ ဒီနေ့အထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။