ဟုမ္မလင်းမှာ မိုးဆက်တိုက်ရွာလို့ စာသင်ကျောင်းတွေ ပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ မိုးဆက်တိုက်ရွာသွန်းကာ ကျောင်းဝန်းတွေထဲကို ရေဝင်တဲ့အတွက် စာသင်ကျောင်း ၄ ကျောင်းကို မနေ့ကစပြီး ပိတ်ထားလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

ဇွန်လ ၂ဝ ရက်နေ့ကစတင်ကာ မိုးများပြီး ဟုမ္မလင်းမြို့မှာ စီးနေတဲ့ နမ့်ထိုင်ကွန်းချောင်းကလည်း ရေတက် တာကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ကျောင်းတွေထဲကို ရေဝင်တာဖြစ်တယ်လို့ ဦးကျော်ဌေးလွင်က ပြောပါတယ်။

"ရွာတွေတော့မဝင်သေးပါဘူး။ အနိမ့်ပိုင်းဆောက်ထားလို့လေ ကျောင်းတွေက မြစ်စပ်မှာတင်ဆောက် ထားတော့ အဲဒီကနေ ရေကဝင်တာ။ ကျောင်းပိတ်ထားတာ မနေ့ကစပိတ်တော့ တစ်ရက်ပဲရှိသေး တယ်။ နောက် ၁ ရက် ၂ ရက်အတွင်းတော့ ပြန်ဖွင့်မှာပါဗျ။ "

အော်သော်ကျေးရွာက အလယ်တန်းကျောင်း၊ နမ့်တောကျေးရွာက အထက်တန်းကျောင်း၊ နတ်နန်းကျေးရွာက အလယ်တန်းကျောင်းနဲ့ ခုံသာကျေးရွာက မူလတန်းကျောင်းတွေမှာ ရေဝင်နေလို့ ပိတ်ထားရတာဖြစ်ပါတယ်။

နမ့်ထိုင်ကွန်းချောင်းမှာ အရင်နှစ်တွေတုန်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ စွန့်ပစ်တဲ့ မြေ စာတွေကြောင့် ချောင်းရေမျက်နှာပြင်မြင့်တက်ပြီး ရေကြီးတာတွေဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။

မနေ့က စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါ တယ်။