မြန်မာ့ပဋိပက္ခကို သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းအဖြေရှာဖို့ ဟွန်ဆန်တိုက်တွန်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို ထည့်သွင်းစဉ်းစားဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်ဖို့လိုအပ်ကြောင်း ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာဟွန်ဆန်က သူ့ရဲ့ တယ်လီဂရမ်လူမှုကွန်ရက်မှာ ဩဂုတ်လ ၁ ရက်နေ့က ရေးသားထားကြောင်း ခမာတိုင်းမ်စ် (Khmer Times) သတင်းက ဖော်ပြပါတယ်။

မြန်မာမှာ စစ်ပွဲတွေအဆုံးသတ်ဖို့ အဖြေရှာဖို့ သက်ဆိုင်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း၊ သူတို့နဲ့ မဆွေးနွေးချင်ဘူးဆိုရင်တောင် သူတို့ကို ပစ်ပယ်ထားလို့ မရကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီက နိုင်ငံရေးက မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ရေး အလေးအနက်စဉ်းစားပေးဖို့လည်း သူကတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ပဋိပက္ခ အဖြေရှာဖို့ နည်းလမ်းရှာဖွေရာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့အတွေ့အကြုံတွေကို အဓိကထားရှင်းပြခဲ့ကြောင်းနဲ့ ကမ္ဘာဒီးယားနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ကာလကြာရှည်စစ်ပွဲဒဏ်ကို မြန်မာပြည်သူတွေခံစားရတာ မမြင်တွေ့လိုတာကြောင့်ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဝန်ကြီးဦးကိုကိုလှိုင်ကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံရဲ့အခြေအနေတွေ တိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံကိုရောက်ရှိနေတဲ့ ဝန်ကြီးဦးကိုကိုလှိုင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ်ဟွန်မာနက်က မြန်မာပြည်တွင်းစစ်ပြဿနာဟာ မဝေးတော့တဲ့အနာဂတ်မှာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့တယ်လို့ ခမာတိုင်းမ်စ် သတင်းက ဖော်ပြပါတယ်။