ဟိုပင်မှာ သေနတ်နဲ့ပစ်လို့ ဘုန်းကြီးနဲ့ ကလေးငယ် တစ်ယောက် အပါအဝင် ငါးယောက် သေဆုံး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက နိုဝင်ဘာ ၇ ရက် ဒီကနေ့ မနက်က လက်ဖက်ရည်ဆိုင်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဘုန်းကြီး တစ်ပါးနဲ့ ကလေးငယ် တစ်ဦး အပါအဝင် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီကျော်လောက်က ထူးထိုက်စံ လက်ဖက်ရည်ဆိုင်ထဲမှာ AD van အမျိုးအစား ကားတစ်စီးနဲ့ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ကာ သေနတ်တွေနဲ့ အချက် ၂၀ ခန့် ပစ်ခတ်သွားတာလို့ ဟိုပင် ဒေသခံ တစ်ဦးက ဆိုပါတယ်။

“လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့အချိန် ကားပေါ်ကနေ ပစ်သွားတာ။ ဘုန်းကြီး တစ်ပါးအပါအဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်ရဲ့ ကလေး ၇ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်းပါတယ်။ တချို့က ဒဏ်ရာရသူတွေက ဆေးရုံမှာ”

အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသူ ငါးဦးရှိပြီး ဒဏ်ရာရသူလည်း ရှစ်ဦးခန့်ရှိတယ်လို့ ဒေသခံတွေကဆိုကြပြီး သေနတ်သမားတွေဟာ ပျူစောထီးအဖွဲ့က ဖြစ်နှိင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဟိုပင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ဈေးကပြန်လာတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။