မြစ်ကြီးနားမှာ မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ သပိတ်ခေါင်းဆောင် အဖမ်းခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ သပိတ်ခေါင်း ဆောင် ကိုစိုင်းမောင်တို့ ဩဂုတ်လ ၁၄ ရက် မနေ့က မြစ်ကြီးနားမြို့ (၂၁) မိုင် စစ်ဆေးရေး ဂိတ်မှာ အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့နှစ်ဦးဟာ မြစ်ကြီးနားကနေ မန္တလေးဘက်အသွား ဂိတ်အရောက်မှာ ကိုစိုင်းမောင်ရဲ့ ဖုန်းနဲ့ အိတ်ကို စစ်ဆေးချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တဲ့ အချက် အလက်တွေ တွေ့တာကြောင့် အဖမ်းခံခဲ့ရတာလို့ ကိုစိုင်းမောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ကိုမျိုးကျော်နဲ့ ကိုစိုင်းမောင်ကို စစ်ကောင်စီဖမ်းသွားတာ သေချာပါတယ်။ အဲဒီမနက် ၇ နာရီကျော်မှာ အဆက်အသွယ် ရသေးတယ်။ အဲနောက်ပိုင်း အဆက်အသွယ်မရတော့ ဘူး။ လွှတ်တော်ကိုယ်စားလှယ်မှန်း သိလို့၊ သပိတ်ခေါင်းဆောင်မှန်းသိလို့ ဖမ်းတာ တော့ မဟုတ်ဘူး။ NUG နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တွေ့လို့ ဖမ်းဆီးခံရတယ် လို့ သိထားတယ်"

နှစ်ဦးစလုံးကို အဲဒီ (၂၁) မိုင် စစ်ဆေးရေးဂိတ်ကနေ ဘယ်ကို ဖမ်းခေါ်ဆောင်သွားလဲ ဆိုတာတော့ တိတိကျကျ မသိရသေးသလို အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေတယ် လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၂ ရက်နေ့စာရင်းအရ အာဏာသိမ်းတစ်နှစ်ခွဲကျော်အတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၅,၀၉၇ ဦး အဖမ်းခံထားရပြီး ၂၁၈၉ ဦး သေဆုံးခဲ့သလို ၁၃၈၄ ဦး ထောင်ချခံထားရပါတယ်။