အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ နိုင်ငံတဝန်း နေအိမ်ပေါင်း (၂၈၄၃၄) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့အထိ စာရင်းအရ စစ်ကောင်စီနဲ့ PDF တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဟာ နေအိမ်အလုံးပေါင်း (၂၀၁၅၃) လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။
မကွေးတိုင်းက (၅၄၁၈)လုံးနဲ့ ဒုတိယအများဆုံး၊ ချင်းပြည်နယ်က (၁၄၇၄) လုံးနဲ့ တတိယအများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ကချင်၊ ကရင်၊ ကယား၊ ရှမ်းတောင်ပိုင်း၊ မွန် စတဲ့ပြည်နယ်တွေနဲ့ ပဲခူး တနင်္သာရီ၊ မန္တလေးတိုင်းတွေမှာပါ မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။
မီးရှို့ခံရတဲ့ အဖြစ်အပျက်တွေဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေက ပြောဆိုနေကြပေမယ့် အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ နေအိမ်တွေကို မီးရှို့တာ မရှိဘူးလို့ အမြဲငြင်းဆိုနေတာ ဖြစ်ပါတယ်။