ကချင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာပြီး ဥရုချောင်းရေလျှံတက်လာတဲ့အတွက် ဖားကန့်မြို့က ကျောက်ဝိုင်း၊ မရှီကထောင်၊ အေးမြသာယာ၊ မြို့မ စတဲ့ရပ်ကွက်တွေကို ရေဝင်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ချောင်းထဲမှာ ကျောက်တူးတဲ့ မြေစာတွေကြောင့် အခုလို ရေလျှံမှုတွေနဲ့ကြုံလာရတာလို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဥရုချောင်းက ကျောက်တူးတဲ့မြေစာတွေကြောင့် ပိတ်သွားလို့ မြန်မြန်မစီးနိုင်တော့ဘူး။ မိုးရွာပြီဆိုရင် အိုင်လာတယ်။ ခါတိုင်းမိုးရွာတိုင်း ဥရုချောင်းကရေကြီးနေကျပဲ”
ဒေသခံတွေဟာ ရေလွတ်တဲ့ ကုန်းမြင့်က နေအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေကြရတာလို့လည်း ပြောပါတယ်။
ဖားကန့်မြို့က လူမှုကူညီရေးအသင်းတစ်ခု တာဝန်ရှိသူတစ်ဦးကလည်း ဖားကန့် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနဲ့ လူမှုကူညီရေးအသင်းတွေက ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“အခုက ခါတိုင်းနှစ်ထက် ပိုကြီးနေတယ်ဗျ။ ဖားကန့်က အခုရေဝပ်သွားတဲ့ ငှက်ပျောတောတို့ ဆိုတာ ခါတိုင်းရေဝင်လည်း သူတို့ဆီက ဝင်နေကျပဲ။ ဒါပေမဲ့ ဒီနှစ်ကတော့ တော်တော်လည်းများသွားတာပေါ့။ အဲဒီ မိန်းလမ်းမပေါ်မှာကို ခါးလောက်ရှိသွားပြီဗျ။ ပြည်သူတွေ နီးစပ်ရာတွေပဲသွားရတာပေါ့။ ဟိုလိုမျိုးကြီး တအားကြီး ထွက်ပြေးရတဲ့အနေအထားတော့ မဟုတ်ဘူး”
မိုးဟာ လွန်ခဲ့တဲ့ ရှစ်ရက်လောက်ကပင် ဆက်တိုက်ရွာသွန်းနေတာလို့လည်း သူက ပြောပါတယ်။
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက ရေဘေးသင့်ပြည်သူတွေကိုတော့ ကေအိုင်အေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။