ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

RFA Burmese
2025.01.15
ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာက နွံကန်ပေါက်ကျမှုအတွင်း သေဆုံး ပျောက်ဆုံးနေသူများကို အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်းပြီး ရှာဖွေရေးဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျမှုမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ဒီနေ့မှာ ရုပ်အလောင်း ဆယ်ခု ထပ်မံတွေ့ရှိတာဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ကျန်နေသေးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ ညနေပိုင်းအထိ ရုပ်အလောင်း ဆယ်လောင်း ထပ်တွေ့ထားတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ ကယ်ဆယ်ရှာဖွေးရေကတော့ နေရော ညပါ တောက်လျှောက်လုပ်နေတယ်ဗျ”

ရုပ်အလောင်းတွေ့တာက ၃၁ ခု ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူတစ်ဦးကို ဆေးရုံပို့ပေးနိုင်ခဲ့ပေမဲ့ ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၃၂ ဦးအထိ တိုးလာတာလို့ သူက ပြောပါတယ်။

တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး သက်ဆိုင်ရာ ဘာသာအလိုက် သင်္ဂြိုဟ်ပေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကနေ အသက် ၈၉ အထိ အရွယ်စုံ ပါဝင်ပြီး နွံကန်ပေါက်ကျမှုကြောင့် စပေါ့ရွာ ရပ်ကွက် (၃) က နေအိမ် ၅၇ လုံးလည်း နစ်မြုပ်သွားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ များလာပြီး မြေစာပုံနဲ့ နွံကန်ပြိုကျမှု ဖြစ်ရပ်တွေကြောင့် မကြာခဏ လူသေဆုံးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး သေဆုံးတဲ့သူ စုစုပေါင်း ခြောက်ရာဝန်းကျင် ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။