မထောတပ်စခန်း သိမ်းခံရပြီးနောက် မထောရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
2024.11.27
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က မထောစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပါင်းတပ်တွေ နိုဝင်ဘာလ ၂၂ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မထောကျေးရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မထောကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ရွာက ဘုန်းကြီးကျောင်း ရစရာကို မရှိတော့တာ၊ အရင်ကတော့ အိမ်တွေလောက် နည်းနည်းပါးပါးပျက်စီးကြတာ၊ ဒီတိုက်ပွဲဖြစ်မှ တစ်ရွာလုံးပျက်စီးသွားတာ၊ လေယာဉ်ဗုံးကြဲတော့ ရစရာမရှိတော့တာ၊ အိမ်ခြေ ရာကျော်ရှိတယ်လေ၊ ပျက်စီးကုန်ပြီပေါ့၊ အရင်ကစစ်တပ်တွေ ထိုင်တော့ သူတို့ဖြိုယူတာ၊ ဖြိုချတာတွေ ထင်းတွေလုပ်၊ ကာဗာကျင်း (ကတုတ်ကျင်း) တွေလုပ်တာ သစ်တွေယူပြီးတော့"
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ချိန်မှာ ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြတာကြောင့် အရပ်သား အထိအခိုက် မရှိဘူးလို့ မထောစစ်တပ်စခန်း သိမ်းထားတဲ့ KNLA ပူးပေါင်းစစ်ကြောင်းက ပြောပါတယ်။
လတ်တလော ဖာပွန်၊ ကမမောင်း လမ်းပိုင်းမှာ နှစ်ဘက် တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ KNU ကတော့ မထောစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိထားပြီး ထိခိုက်သေဆုံးစာရင်းနဲ့ ရရှိထားတဲ့လက်နက်ခဲယမ်းစာရင်းကို ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတာနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
လက်ရှိ ဖာပွန်-ကမမောင်းလမ်းပိုင်းက ကတိုင်ထိ၊ တောင်သုံးလုံး၊ ခွေးပုတ်၊ မထော၊ ချောင်းသာယာ၊ ငါးအိမ်စု၊ တံခွန်တိုင်၊ ညောင်ပင်ရွာအပါအဝင် ကျေးရွာ နှစ်ဆယ်ဝန်းကျင်က ဒေသခံ ငါးထောင်ဝန်းကျင်ဟာ သံလွင်မြစ်အရှေ့ဘက်ကမ်းက မြိုင်ကြီးငူ၊ အုန်းတောနေရာတွေဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။