ဖာပွန်ခရိုင်မှာ တစ်လအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးကြောင်း KNU ပြော
2024.08.05
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင်ထဲမှာ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ နှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးတာမရှိခဲ့ဘဲ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လထဲမှာပဲ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၉၉) က တပ်သားနှစ်ဦး KNLA တပ်မဟာ ၅ ထံ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲပေါင်း ၁၂၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ KNU က ပြောထားပါတယ်။ KNLA ပူးပေါင်းတပ်ဘက်ကတော့ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လနဲ့ ဇူလိုင်လအတွင်း တိုက်ပွဲတွေကြား နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အရေအတွက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။