ဂျပန်ကစစ်သင်တန်ပေးခဲ့တဲ့ မြန်မာ ဗိုလ်ချုပ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေကြောင်း HRW ပြော

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ် တစ်ယောက်ဟာ စစ်တိုင်းဒေသ တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းရင်းသားလူနည်းစု ဒေသတွေက လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက် ကျူးလွန်မှုမှာပါဝင်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီနေ့ ထုတ်ပြန် ပြောလိုက်ပါတယ်။

ဗိုလ်မှူးချုပ်တင်စိုးဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ၂၀၂၁ သြဂုတ်က ဒီနှစ် ဇူလိုင်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီလို့လည်းခေါ်တဲ့ ကယားပြည်နယ်က စစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့သူဖြစ်ပြီး သူ့ရဲ့ တပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို စစ်သင်တန်းပို့ချ လေ့ကျင့်တဲ့ အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းပြီး ဒီအစီအစဉ်မှာ ပါဝင်တဲ့ လူတွေဟာ စစ်ဥပဒေချိုးဖောက်တာရှိ-မရှိ စုံစမ်းစစ်ဆေးဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံက စစ်သင်တန်းဆင်းလာသူတွေဟာ မြန်မာစစ်တပ်က ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်မှု ထူပြောတဲ့ ပဋိပက္ခဒေသတွေမှာ တာဝန်ထမ်းဆောင် နေတယ်လို့ HRW အာရှရေးရာ အရာရှိ Teppi Kasai က ပြောပါတယ်။

ဗိုလ်မှူးချုပ်တင်စိုးဟာ ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးကောလိပ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ကနေ ၂၀၁၇ ခုနှစ် မတ်လအထိ စစ်သင်တန်းတက်ခဲ့သူ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးအသင်း နဲ့ ကာကွယ်ရေး ဝန်ကြီးဌာန စာရင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူဟာ တိုကျိုမြို့က မြန်မာသံရုံးမှာ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ကို ပြန်သွားခဲ့တာ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ မီးနဲ့ကစားနေတာရပ်တန်းကရပ်ပြီး မြန်မာစစ်တပ်ကိုထောက်ပံ့နေတာ ချက်ချင်း အဆုံး သတ်သင့်ကြောင်း နဲ့ မြန်မာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေအတွက် စစ်အစိုးရနဲ့ ကာကွယ်ရေး ဆက်ဆံရေးကို ဖြတ်တောက်သင့်တယ်လို့ HRW အာရှရေးရာ အရာရှိ Teppi Kasai က ပြောပါတယ်။