ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးက မြန်မာပြည်သူတွေကို စော်ကားမှုလို့ HRW ဝေဖန်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တွေ့ဖို့ ကိုယ့်တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ နေပြည်တော်ကိုသွားတာဟာ သူလာမှာကို ပြင်းပြင်းထန်ထန် ကန့်ကွက် နေတဲ့ မြန်မာပြည်သူတွေကို စော်ကားမှုဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ဒီနေ့နေ့လယ်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဲဒီအပြင် အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ နောက်ထပ် ရှစ်နိုင်ငံကိုလည်း မထေမဲ့မြင်ပြုလိုက်တာလို့ သူက ဝေဖန်လိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်တွေနဲ့တွေ့ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း- အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ရမှာထက် သူ့သြဇာ ထူထောင်ရေးအကျိုးကိုပဲကြည့်တဲ့ ဟွန်ဆန်ရဲ့ အတ္တကြီးတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း HRW ရဲ့ ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။

ဒီလုပ်ရပ်ဟာ အာဆီယံအသင်းက သတ်မှတ်ထားတဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ဆိုတဲ့ လမ်းကြောင်းနဲ့လည်း အလှမ်းဝေးနိုင်ဖွယ်ရာပဲရှိတယ်လို့လည်း ထောက်ပြလိုက်ပါတယ်။

ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အမှန်တကယ် အကောင်အထည်ဖော်မှာ မဟုတ်ဘူးဆိုတာကို အာဆီယံအသင်းဝင်နိုင်ငံတွေရော၊ တခြားနိုင်ငံတွေကပါ အခုဆိုရင် သဘောပေါက်သင့်ပြီလို့ HRW က ပြောပါတယ်။

အဲဒီအပြင် တခြားအာဆီယံအသင်းဝင် ရှစ်နိုင်ငံအနေနဲ့ ဟွန်ဆန်ရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ သူ့ရဲ့ ရှင်းလင်း ပြောဆိုချက်ကို ပွင့်ပွင့်လင်းလင်းတောင်းဆိုသင့်ပြီဖြစ်သလို၊ မြန်မာ့ပြဿနာပြေလည်ဖို့ စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတာတင်မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့တွေအားလုံးနဲ့ပါ ညှိနှိုင်းဆောင်ရွက် သင့်ပြီလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။