မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်အုပ်စုကို သက်ဆိုးရှည်စေအောင် အထောက်အပံ့ပေးရာ ရောက်နေတာကြောင့် ဒီလိုဆက်ပြီး မလုပ်ကြဖို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ကုမ္ပဏီတွေကို သတိပေးလိုက်တဲ့အကြောင်း Human Rights Watch အဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။
ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေ၊ နိုင်ငံတကာက ဘဏ်လုပ်ငန်းတွေအပါအဝင် မြန်မာစစ်ကောင်စီ လက်ထက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ၊ သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်မှု ကျူးလွန်မှုတွေဆက်ပြီး လုပ်နိုင်အောင် တွန်းအားပေးရာရောက်နေတာမို့ ကုမ္ပဏီတွေရဲ့ နာမည် ထိခိုက် လိမ့်မယ်လို့ Human Rights Watch အဖွဲ့က အောက်တိုဘာလမှာ သတိပေး စာပေးပို့ခဲ့တဲ့အကြောင်း၊ ဒါပေမဲ့လည်း ကုမ္ပဏီကြီးတွေဆီက စာမပြန်ကြဘူးလို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေ ရှိတာကြောင့် မြန်မာစစ်အုပ်စုကို အထောက်အပံ့မလုပ်ကြဖို့ Human Rights Watch အဖွဲ့က ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။