သီပေါတိုက်ပွဲ အရပ်သား ၁၃ ဦး သေဆုံး

RFA Burmese
2024.08.12
သီပေါတိုက်ပွဲ အရပ်သား ၁၃ ဦး သေဆုံး ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
Telegram/PSLF/TNLA News

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA မဟာမိတ် ပူးပေါင်းအဖွဲ့တွေရဲ့ သြဂုတ်လ ၁၀ ရက် နဲ့ ၁၁ ရက်နေ့ တိုက်ပွဲအတွင်း ကလေးငယ်တွေ၊ ရဟန်းသံဃာတွေ အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ သီပေါမြို့ ခံအချို့က ပြောပါတယ်။

သီပေါမြို့အတွင်း စစ်ကောင်စီ ရဲစခန်းရှိတဲ့ ဇာတ်စုရပ်ကွက်၊ ခလရ-၂၃ တပ်စခန်း ၊ ခမရ-၅၀၃၊ ခမရ-၅၀၄ နဲ့ ထောက်ပို့ တပ်စွယ်တွေနဲ့ နီးကပ်တဲ့ တုံစင့် ရပ်ကွက်တွေမှာ ထိခိုက်သေဆုံးသူတွေ များတယ်လို့ သီပေါမြို့ကနေ ထွက်ပြေးလာတဲ့ ကိုစိုင်းကပြောပါတယ်။

“သေဆုံးကတော့ ဆယ်ယောက်ကျော်ရှိပြီ ။ ကလေးငယ်တွေရော၊ အမျိုးသမီးတွေရောပါတယ်။ အဲဒါ ပရဟိတအဖွဲ့တွေကပဲ လိုက်ကောက်နေတာ။ ၁၁ ရက်နေ့က မြို့ထဲကို Y12 နဲ့ ဗုံးလာကြဲတယ် မြို့လယ်ကိုကြဲတာ။ အဲတာနဲ့ ကျွန်တော်တို့ မနေရဲလို့ ထွက်လာလိုက်တာ”

တိုက်ပွဲတွေကြောင့် မြို့ဟောင်းရပ်ကွက်၊ တုံစင့်ရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်၊ မြို့လယ်ရပ်ကွက်တွေက သီလရှင်တစ်ပါး၊ သံဃာတစ်ပါးနဲ့ ကလေးငယ် နှစ်ဦး အပါဝင် အမျိုးသမီး ခြောက်ဦး၊ အမျိုးသား ခုနှစ်ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိနေပြီး ပရဟိတအဖွဲ့တွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။

မြို့အတွင်းပိုင်း တစ်ခုလုံးကို TNLA တပ်ဖွဲ့တွေက ၁၁ ရက်နေ့မှာ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းတွေရှိတဲ့ မြို့အထွက် ဇာတ်စု၊ တုံစင့်၊ မိုးတေ ရွာတွေအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ သီပေါမြို့ခံ နောက်တစ်ဦးကလည်း ပြောပါတယ်။

“မိုးတေရွာနားမှာဆို စစ်တပ်လည်း ရှိတယ်၊ တရုတ်ရေနံပိုက်လိုင်း တွန်းတင်တဲ့ စခန်းလည်းရှိတယ်။ အဲဘက်မှာပဲ ဖြစ်နေတော့တာ ။ မြို့အတွင်းမှာ မဖြစ်တော့ဘူး။ စစ်တပ်ကလည်း ခုခံနေပုံရတယ်။ ဒီမနက် အထိတော့ ပစ်နေတုန်းပဲ”

သီပေါမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ၁၀ ရက်ကျော်သွားပြီးလို့ သီပေါမြို့ကနေ ထွက်ပြေးလာသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် မြို့ခံ တစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ပြေးနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲစဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့မနက်ပိုင်းမှာပဲ သီပေါတံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားခဲ့ပြီး TNLA တပ်ဖွဲ့တွေ မြို့ထဲ ဝင်လာတာလို့ ဆိုပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

TNLAရဲ့ သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ခလရ -၂၃ တပ်ရင်းအနီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က Y12 လေယာဉ်နဲ့ ၁၂ ကြိမ် ဗုံးကြဲချခဲ့သလို စစ်လက်နက်ပစ္စည်းတွေလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလ ဒုတိယပိုင်းမှာ MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်ထားပြီး TNLAက ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုမြို့တွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး သိမ်းပိုက်ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။