သီပေါအကျဥ်းထောင်အနီး တိုက်ပွဲဖြစ်နေ
2024.08.10
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်မှာ သြဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေပြီး သီပေါအကျဥ်းထောင်လည်း ပွင့်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
သီပေါမြို့ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး သီပေါထောင်အနီးမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သီပေါမြို့အနီးမှာနေထိုင်သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက် လက်နက်သံတွေ ကြားရတယ်။ ဗုံးသံတွေလည်း တစ်ချက်တစ်ချက် ကြားရတယ်။ လက်နက်ကြီးတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တယ်။ တချို့ဆိုင်တွေပေါ် ကျတယ်။ ထောင်က ပွင့်သွားပြီ။ သီပေါမြို့ပေါ်က လူတွေလည်း ရှောင်လာကြပြီ”
တအာင်းတပ်မတော် (TNLA) ရဲ့ သတင်းပြန်ကြားရေးဌာနမှူး လွေးယေဦးကတော့ သီပေါမြို့မှာ တိုက်ပွဲတွေဖြစ်နေတာမှန်ပေမဲ့ သီပေါအကျဉ်းထောင်ပွင့်သွားပြီဆိုတဲ့ သတင်းချက်အလက် တက်လာတာမရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သီပေါမြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် မြို့တွင်းကိုဆက်သွယ်ဖို့ ခက်ခဲနေတာ ဆယ်ရက်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် သီပေါမြို့က လူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မြို့ကိုစွန့်ခွာပြီး မန္တလေး၊ တောင်ကြီးနဲ့ ရန်ကုန်အပါအဝင် ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့သွားကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သီပေါမြို့ပြင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ် လုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။