မုံရွာမြို့နယ် ထန်းပင်လှရွာက နေအိမ် သုံးဆယ်ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ ထန်းပင်လှရွာကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သား အင်အား ငါးဆယ်ခန့်ပါစစ်ကြောင်း ဝင်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် လက်ရှိအချိန်အထိ နေအိမ် သုံးဆယ်ကျော် မီးလောင်ခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်းအထိ မီးငြှိမ်းသတ်နေကြရဆဲဖြစ်သလို ရှင်းလင်းရေးပါ လုပ်နေကြရဆဲဖြစ်တာကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်အရေအတွက် အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ သာစည်ရွာဘက်ကနေ အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ထန်းပင်လှရွာထဲ ဝင်ရောက်လာပြီး တိုက်ပွဲမရှိဘဲ မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် ၄ နာရီဝင်လာပြီး ၄ နာရီခွဲမှာ မီးရှို့တာပဲ။ ဝင်ပြီး နာရီဝက်နေမှ ရှို့တာ။ ဒီရက်ပိုင်း ဒီနားပတ်ချာလည်မှာ ဘာမှဖြစ်ထားတာ မရှိဘူး။ ဒီဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်ချင်တဲ့ ပုံစံမျိုးနေမှာပေါ့။ တချို့နေရာတွေက တော့ ကွက်ကျားကွက်ကျား ရှို့သွားတာ”

ဒေသခံတွေကတော့ စစ်ကြောင်းမဝင်လာခင်ကတည်းက ထွက်ပြေးနေကြတာကြောင့် လူအထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ထန်းပင်လှရွာကို မီးရှို့ခဲ့ပြီးနောက် ရွာထဲက ပစ္စည်းအချို့ယူဆောင်ပြီး သာစည်ရွာထဲကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဇန်နဝါရီ ၂ ရက်ကလည်း အဲဒီရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေပြောပေမယ့် ဒါဟာ သတင်းမှားသာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီရွာကို သွားရောက် တာ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မီးလောင်ဆုံးရှုံးမှုတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးလောင်ပျက်စီးခဲ့ပါတယ်။