ထန်းတပင် ရဲကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

2021.11.15
ထန်းတပင် ရဲကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရ ကားတစ်စီးပေါ်ကနေ ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းကို ၂၀၂၁၊ နိုဝင်ဘာ ၁၅ ရက်နေ့က သေနတ်နဲ့ပစ်ခတ်နေတာကို တွေ့ရစဉ်
ဓာတ်ပုံ - ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက် ဒီနေ့မှာ PDF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲမှာ ကားတစ်စီးပေါ်ကနေ အဲဒီ ရဲကင်းစခန်းကို M-16 လို့ ယူဆရတဲ့ မောင်းပြန် သေနတ်နဲ့ ပစ်ခတ်ခဲ့တာတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ပါ ဖော်ပြထားပါတယ်။

၁၀ ယောက်ဝန်းကျင်ရှိတဲ့ အဲဒီရဲကင်းစခန်းထဲက ရဲတပ်ဖွဲ့ဝင် သုံးယောက် ကျည်ဆန်ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ကနေ ထိခိုက်၊ သေဆုံးသူ ရှိ၊ မရှိကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့်က ရဲကင်းစခန်း၊ မင်္ဂလာဒုံမြို့နယ်ထဲက ရဲကင်းစခန်းတို့ဟာဆိုရင် ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ခုလိုပစ်ခတ်ခဲ့ပြီး ရုပ်သံဖိုင်ပါ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာ စစ်တပ်ရဲ့ ကင်းလှည့်ယာဉ် နှစ်စီး တိုက်ခိုက်ခံရတာ၊ နိုဝင်ဘာ ၅ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံကျေးရွာအနီး ကင်းလှည့် စစ်ကား တစ်စီး ပစ်ခတ်ခံရတာဟာလည်း NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို စက်တင်ဘာလထဲမှာ ဖွဲ့စည်းထားတယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။