ထန်တလန်မှာ မိဘမဲ့ဂေဟာ အပါအဝင် အိမ် ခုနစ်လုံး ထပ်မံမီးရှို့ခံရ

ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာလ ၆ ရက် ဒီနေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီ တပ်သား တွေဟာ ခရစ်ယာန်ဘာသာရေး မိဘမဲ့ဂေဟာအပါအဝင် လူနေအိမ် ခုနစ်လုံးကို မီးရှို့ခဲ့တယ်လို့ ထန်တလန် CDF က ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန် CDF ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရင်းကနေ မီးရှို့ခံရတာလို့ ပြောပါတယ်။

"ဒီနေ့မနက် ၅ နာရီလောက်က စလောင်တာဗျ။ CNF တပ်က တစ်ယောက် ဒဏ်ရာရတာကို သွားခေါ်တဲ့ အချိန်မှာ မီးက စလောင်နေပြီ"

ဒီမနက်တိုက်ပွဲမှာ ထန်တလန်မြို့ပြင်ဖက် ခရစ်ယာန်ဘာသာရေး မိဘမဲ့ဂေဟာကျောင်းဟာ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကျရောက် မီးလောင်ခဲ့တာဖြစ်ပြီး မြို့ပေါ်က အိမ်တွေကိုလည်း ဆက်ပြီးမီးတွေ ရှို့ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်မှာ အိမ် ၁၆၄ လုံး မီးရှို့ခံရပြီးတဲ့နောက်ပိုင်း မြို့ပေါ် မှာ လူတွေ မနေရဲကြတော့ဘဲ ဘေးလွတ်ရာ ထွက်ပြေးနေကြလို့ ဒီတစ်ကြိမ်မီးရှို့ခံရတဲ့အထဲ လူတွေ ထိခိုက် ဒဏ်ရာ ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင် သေးပါဘူး။

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့ ‌စက်တင်ဘာ ၁၈ ရက်နေ့က နေအိမ် ၁၉ လုံး အောက်တိုဘာ ၂၉ ရက်က နေအိမ် ၁၆၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေက စွပ်စွဲထားပေမယ့် စစ်ကောင်စီဘက်ကတော့ ငြင်းဆို ထားပါတယ်။