ထန်တလန်မှာ မီးရှို့မှုထပ်ဖြစ်ပြီး မြို့ထက်ဝက်ခန့် မီးလောင်ပျက်စီးနေ

2021.12.31
ထန်တလန်မှာ မီးရှို့မှုထပ်ဖြစ်ပြီး မြို့ထက်ဝက်ခန့် မီးလောင်ပျက်စီးနေ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မီးလောင်မှု ဖြစ်ပွားနေတာကို ဂြိုဟ်တုက တွေ့ရစဉ်
Photo: Planet.com

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအဆောက်အအုံ ၅၀ ကျော် စစ်ကောင်စီတပ်တွေရဲ့ ထပ်မံ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မီးလောင်မှု အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်း ကလည်း ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအဆောက်အအုံ ၅၀ ကျော် စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

RFA က ရရှိထားတဲ့ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာလည်း မြန်မာနိုင်ငံအနောက်တောင်ပိုင်း စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကနေ မြင့်တက်လာတဲ့ မီးခိုးလုံးတွေကို မြင်တွေ့ရပါတယ်။

မနေ့က ထပ်မံလောင်ကျွမ်းတဲ့ မီးကြောင့် AG အသင်းတော်ဘုရားကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် ၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထန်တလန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့လယ်ခေါင်ရပ်ကွက်ပေါ့နော်၊ AG အသင်းတော် ဘုရားကျောင်းရယ်၊ နောက် အိမ်ခြေပေါင်း ၅၅ လုံး မီးလောင်တယ်။ ပြည်သူ့လူထုအနေနဲ့ကတော့ ကျနော်ကအစ အင်မတန်မှ ဝမ်းနည်းတယ်၊ စိတ်လည်း နာတယ်။ လောင်ထားတဲ့အိမ်တွေအတွက် ဝမ်းနည်းပူဆွေးရုံကလွဲလို့ ဘာမှမဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတော့ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဘာမှ ပြောနိုင်၊ ဆိုနိုင်၊ လုပ်နိုင်တာ မရှိတဲ့အတွက် ကြောင့် ဒီအတိုင်းပဲ ငြိမ်နေရတာပေါ့နော်"

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၈ ရက်နေ့အထိ လေးလအတွင်း မီးရှို့ခံရမှု ၁၃ ကြိမ်ဖြစ်ခဲ့ပြီး၊ ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ်အလုံး ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ထန်တလန်မြို့ လူနေအိမ်တွေရဲ့ လေးပုံတစ်ပုံ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

htantalan-fire-dec30.jpg
(ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မီးလောင်နေတာကို တွေ့ရစဉ်) Photo: CJ

ဒီဇင်ဘာ ၃၀ ရက် မနေ့က မီးလောင်မှုနဲ့ဆိုရင် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရမှု ၁၄ ကြိမ် ရှိသွားပါပြီ။

အခုလို အကြိမ်ကြိမ် မီးရှို့ခံရတာကြောင့် ထန်တလန်မြို့ရဲ့ ထက်ဝက်ခန့် မီးလောင်ပျက်စီးသွားပြီလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက RFA ကို ပြောပါတယ်။

"မြို့ရဲ့ တစ်ဝက်နီးပါးပဲ မြို့နေရာရဲ့ တစ်ဝက်နီးပါးတော့ မီးလောင်သွားပြီပေါ့နော်။ ကျနော်တို့ ချင်းတွေက အဓိက အမွေအဖြစ် အလေးအထားဆုံးက အိမ်ပါပဲ။ အဲဒီအိမ်ကို သူတို့က အဲလိုလုပ်လိုက်တော့၊ ကျနော်တို့ ခေါင်းချမယ့်နေရာဆိုပြီးတော့ အိမ်ကို အဓိကထားတာ ကျနော်တို့ ချင်းလူမျိုးတွေကတော့ အဲဒါ ကျနော်တို့ ရိုးရာဓလေ့ ထုံးတမ်းပါ။ အိမ်တွေကို မီးရှို့လိုက်တော့ ကျနော်တို့ရဲ့ ယဉ်ကျေးမှု ချင်းလူမျိုးတွေရဲ့ လူသားဖြစ်မှုကို ရိုက်ချိုးလိုက်တာ နလံမထနိုင်အောင်၊ အဲဒီလို စစ်ကောင်စီက ရက်ရက်စက်စက် လုပ်နေတယ်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်"

ဒါဟာ စစ်ကောင်စီတပ်တွေကို ခုခံနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူတွေက မထောက်ပံ့နိုင်အောင် စစ်တပ်ဘက်က အဆက်ဖြတ်ထားတဲ့ သဘောဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ထန်တလန်မြို့က အဖြစ်အပျက်တွေ ပြင်ပကို သတင်းမရောက်နိုင်အောင်လို့ အင်တာနက်လိုင်း တွေလည်း ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ထန်တလန်မြို့က နေအိမ်တွေ ထပ်မံမီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒိကနေ့ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

"၅၀ ရာခိုင်နှုန်းလောက်က မီးလောင်သွားပြီဆိုတော့ ကျန်ရှိနေသေးတဲ့ အိမ်တွေ၊ အဆောက်အအုံတွေ သူတို့ထပ်မံရှို့ရမယ့် သဘောရှိနေတယ်"

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်လိန်း ကတော့ ထန်တလန်မှာ ကျန်နေသေးတဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့တာမျိုး ထပ်လုပ်နိုင်တာကြောင့် အနီးကပ် စောင့်ကြည့်နေတယ်လို့ RFA ကို ပြောပါတယ်။

"အထက်ကပေးထားတဲ့ အမိန့်အရ ထန်တလန်ကို အပြတ်ရှင်းလင်းဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ အမိန့်ရှိတယ်တဲ့။ အဲဒီအမိန့်အတိုင်း လုပ်ဆောင်တာပဲဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ လာမယ့် ရက်ပိုင်းမှာလည်း ဒီလိုမျိုးမီးရှို့တာ သူတို့လုပ်လာလိမ့်မယ်။ ထန်တလန်မြို့က အခု ၅၀ ရာခိုင်နှုန်း လောက်က မီးလောင်သွားပြီဆိုတော့ ကျန်ရှိနေသေးတဲ့ အိမ်တွေ၊ အဆောက်အအုံတွေ သူတို့ထပ်မံရှို့ရမယ့် သဘောရှိနေတယ်။ အဲဒါကြောင့် ကျနော်တို့လည်း အနီးကပ်စောင့်ကြည်နေပါတယ်"

ထန်တလန်မြို့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်တည်ရှိရာ ဒေသဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF တွေနဲ့ ပူးပေါင်းပြီး CNF က စစ်တပ်ကို ခုခံတိုက်ခိုက်နေတာကြောင့် ထန်တလန်ကို စစ်တပ်က ပစ်မှတ်ထား ချေမှုန်းနေတာ ဖြစ်နိုင်တယ် လို့လည်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်တွေက မှတ်ချက်ပေး ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။