အကျဥ်းကျနေတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို RSF က သတ္တိရှင်ဆုချီးမြှင့်

အန္တရာယ်တွေကြားကပဲ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်မှတ်တမ်းတင်ခဲ့သူဖြစ်။

ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က သတ္တိရှင်ဆု ချီးမြှင့်လိုက်ပါတယ်။

ဇွန်လ ၁ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ RSF ရဲ့ ၃၄ ကြိမ်မြောက် သတင်းလွတ်လပ်ခွင့် ဆုပေးပွဲမှာ ကိုစိုင်းဇော်သိုက်အပါအဝင် သတင်းလွတ်လပ်ခွင့်အတွက် စွမ်းဆောင်ခဲ့ကြတဲ့ မိုဇမ်ဘစ်၊ အာဂျစ်တီးနား၊ ဂီနီ၊ ပါလက်စတိုင်း စတဲ့ နိုင်ငံတွေက သတင်းသမား ငါးဦးကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၁၂ ခုနှစ်ကတည်းက မှတ်တမ်းတင်လာခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အန္တရာယ်အများဆုံး ရင်ဆိုင်နေရတဲ့ သတင်းသမားတွေထဲက တစ်ဦး ဖြစ်တယ်လို့ RSF က ဆိုပါတယ်။ အန္တရာယ်တွေကြားကပဲ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်မှတ်တမ်း တင်ခဲ့သူဖြစ်တယ်လို့လည်း RSF က ဖော်ပြထားပါတယ်။

သူဟာ ၂၀၂၃ ခုနှစ် မေလက အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးတာတွေကို မှတ်တမ်းတင်နေချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတာပါ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချခံထားရပြီး ထောင်အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံနေရတယ်လို့လည်း RSF က ဖော်ပြထားပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ကျောက်ကပ်နဲ့ လိပ်ခေါင်းရောဂါခံစားနေရပြီး ဆေးကုသခွင့် ပိတ်ပင်ခံထားရတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးကုသခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြီးခဲ့တဲ့ ဧပြီလက တောင်းဆိုထားပါတယ်။

RSF ရဲ့ သတင်းလွတ်လပ်ခွင့်ဆုတွေကို နှစ်စဉ် ကမ္ဘာတစ်ဝန်း သတင်းလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ရာမှာ စွမ်းဆောင်ခဲ့တဲ့ သတင်းသမားတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံက သတင်းထောက်တွေနဲ့သတင်းဓာတ်ပုံဆရာ ၂၁ ဦး၊ မီဒီယာအဖွဲ့အစည်း ၅ တို့ကနေ ရွေးချယ်ပြီး သတ္တိရှင်ဆု၊ သတင်းသက်ရောက်မှုဆု၊ သတင်းလွတ်လပ်ခွင့်ဆု၊ သတင်းဓာတ်ပုံဆုနဲ့ စုံစမ်းဖော်ထုတ်ရေးသတင်းစာပညာဆု တို့ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။