TNLA ထိန်းချုပ်ဒေသက ယမ်းစက်ရုံပေါက်ကွဲမှု သေဆုံးသူ ၄၃ ဦးရှိလာ

ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခမ်းတိုက်နယ်ဆေးရုံမှာကုသနေရပြီး အများစုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဆုံးရှုံးခဲ့ရ။

မေလ ၃၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာရှိတဲ့ ယမ်းစက်ရုံပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ ဦးနဲ့ ဒဏ်ရာရသူ ၇၅ ဦးအထိ ရှိလာတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ TNLA ထိန်းချုပ်မှုအောက်က ဒေသတစ်ခုဖြစ်ပြီး ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကို ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုပြင်းထန်တာကြောင့် ကောင်းတပ်ကျေးရွာအတွင်းက နေအိမ်နဲ့အဆောက်အဦး နှစ်ရာနီးပါး ပျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် ပြည်ပအကူအညီတွေ လိုအပ်တယ်လို့ TNLA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

“ယမ်းပျော့တွေပေါက်ကွဲမှု ဖြစ်သွားတာကြတော့ အရပ်သားတွေနေအိမ်တွေ ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေဆိုရင်လည်း ထိခိုက်ဒဏ်ရာရသူတွေကို ပျောက်ကင်းတဲ့အချိန်အထိ အခမဲ့ဆေးကုသနိုင်ဖို့ စီစဉ်ထားပါတယ်။ တစ်ဖက်မှာလည်း လိုအပ်တဲ့ နိုင်ငံတကာအကူအညီရော ဒေသတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေ ဒေသခံတွေပါဝင်တဲ့ ကူညီနိုင်ဖို့ကိုလည်း အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်”

ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ပရဟိတသမားတစ်ဦးကတော့ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်တယ်လို့ ပြောပါတယ်။

“စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ လိုတာပေါ့နော်။ အိမ်တိုင်းက ပျက်စီးသွားတော့ ပြန်လည်ထူထောင်ရေးအတွက် တော်တော်လေး ရုန်းကန်ရမှာပါ။ ပေါက်ကွဲမှုစဖြစ်တဲ့ ရက်တုန်းက သွေးလိုအပ်ချက်မြင့်ခဲ့ပေမဲ့ ဝိုင်းလှုတဲ့သူများလို့ အဆင်ပြေသွားတယ်”

ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခမ်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး အများစုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဖြတ်တောက်လိုက်ရတဲ့ အရေးပေါ်လူနာတွေလို့ သူကဆိုပါတယ်။

လတ်တလောမှာတော့ သေဆုံးသူအရေအတွက် ထပ်တိုးလာတာမရှိဘဲ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက မြေပြင်ရှင်းလင်းရေးတွေ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။