မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် နှိပ်ကွပ်ခံရမှုအပေါ် IFJ ရှုတ်ချ

မြန်မာနိုင်ငံမှာ မကြာသေးခင်က သတင်းသမားနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တဲ့ ကိစ္စအပေါ် ရှုတ်ချကြောင်း နိုင်ငံတကာသတင်းထောက်များ အဖွဲ့ချုပ် (IFJ) က ဩဂုတ်လ ၂၆ ရက် ဒီနေ့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီသတင်းဌာနမှာ ဓာတ်ပုံသတင်းထောက်လုပ်ခဲ့တဲ့ ကိုဇော်ဇော်ကို အာဏာဖီဆန်လာ အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဩဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း မဲခေါင်သတင်းဌာနအပါအဝင် တခြားသတင်းဌာနတွေမှာ အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုမောင်မောင်မျိုးကို စစ်ကောင်စီကို ဆန့်ကျင်ပုန်ကန်တဲ့သူတွေနဲ့ အင်တာဗျူးလုပ်တယ်ဆိုပြီး ထောင်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်လူထုသပိတ်အဖွဲ့က အလွတ်တန်း ဓာတ်ပုံသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဒါဟာ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်အပေါ် နှိပ်ကွပ်တာဖြစ်လို့ IFJ က ရှုတ်ချကြောင်း နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ IFJ က တောင်းဆို ပါတယ်။

စစ်ကောင်စီလက်အောက်မှာ သတင်းသမားတွေ တရားစွဲဆိုခံရတာတွေ မြင့်တက်လာပြီး အကြမ်းဖက် တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ အနှောင့်အယှက်ပေးမှုတွေရဲ့ သားကောင်တွေ ဖြစ်လာတယ်လို့ IFJ က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ပြီး သတင်းသမားတွေ ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ခွဲကျော်ကာလ အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၂ ဦး ရှိနေပြီး အဲဒီအထဲက တရားစွဲခံ ထားရသူ ၉၅ ဦးအထိ ရှိနေပါတယ်။