မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရပ်သားတွေကို လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာကို တွေ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က သောကြာနေ့တုန်းက ပြောဆိုလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
IIMM အဖွဲ့က စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မြန်မာနိုင်အတွင်း အရပ်သားတွေ ကြီးမား တဲ့ ပြစ်မှုကျူးလွန်မှုတွေခံ နေရတာနဲ့ပတ်သက်လို့ အချက်အလက်တွေ စုဆောင်းခဲ့တာ သက်သေအထောက် အထားပေါင်း တစ်သန်းခွဲကျော် ရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက နိုင်ငံတကာအဆင့် ပြစ်မှုကျူးလွန် မှုတွေမှာ တာဝန်ရှိသူတွေကို တစ်နေ့မှာ အရေးယူနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး ပထမ သီတင်း ၆ ပတ်အတွင်း ဒါမှမဟုတ် အဲဒီနောက်ပိုင်းတွေမှာ ဆန္ဒပြသူတွေကိုဖိနှိပ်ဖို့ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက အကြမ်းဖက်နည်းတွေကို အကြီးအကျယ်သုံးခဲ့တာကို တွေ့ရ တယ်လို့ IIMM အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံတွေ၊ ကျန်းမာရေးလုပ်သားတွေ နဲ့ သတင်းသမားတွေကို ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ IIMM အဖွဲ့ ကရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုံးတင်စစ်ဆေးမှုနဲ့ လူမှုကွန်ရက်တွေမှာ ဖြန့်ချိမှုတွေလည်းပါဝင်ပြီး ဒီအထောက်အထားတွေကတဆင့် ပြစ်မှုတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုတာတွေကို ပြသနိုင်လိမ့်မယ်လို့လည်း IIMM အဖွဲ့ရဲ့ ခေါင်းဆောင် Nicholas Koumjian က ပြောဆိုခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။