တရုတ်ကုန်တင်ကား ၂၈ စီးနဲ့အတူ တရုတ်နိုင်ငံသား ၇ဦးကို ဖမ်းဆီးထား
2018.08.03

တရုတ်-မြန်မာနယ်ခြား ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်ကုန်တင်ကား ၂၈ စီးနဲ့အတူ တရုတ်နိုင်ငံသားယာဉ်မောင်း ၇ ဦးကို ဖမ်းဆီးရမိထားပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က RFA ကို ဒီကနေ့ ပြောပါတယ်။
"လောလောဆယ်တော့ အစီးရေ ၂၈ စီးတော့ ကျနော်တို့ ဖမ်းဆီးရမိတယ်။ လူကတော့ တော်တော် များများက ထွက်ပြေးတိမ်းရှောင်သွားပြီးတော့မှ ၇ ဦးတော့ ကျနော်တို့ လောလောဆယ်တော့ ဖမ်းဆီးထားတယ်။ ဒီကနေ့တော့ မစစ်ဆေးနိုင်ဘူး။ ရာသီဥတုက တော်တော်မိုးရွာတဲ့အတွက် ကုန်ပစ္စည်းတွေလည်း မပျက်စီးဖို့နဲ့ နောက်စနစ်တကျစစ်ဆေးရမှာဖြစ်တဲ့အတွက် ပြည့်စုံမှသာ ဒါဆက်ဆောင်ရွက်သွားမှာဖြစ်တယ်။"
အဲဒီကုန်တင်ကား ၂၈ စီး ပေါ်က ပစ္စည်းတွေကို ရာသီဥတုကောင်းမွန်တဲ့နေ့မှာ ဖွင့်ဖောက်စစ်ဆေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အဲဒီကားတွေပေါ်မှာ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေအတွက် ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆွေးတွေ သယ်ဆောင်လာကြတာလို့ ယူဆထားပြီး အတိအကျကိုတော့ ဖွင့်ဖောက်စစ်ဆေးပြီးမှသာ သိနိုင်မှာဖြစ်ပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီ လမ်းပေါ်က ဆဒုံးရေတခွန်အနီးမှာ ဖမ်းမိခဲ့တာပါ။
ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်အပါအဝင် တရုတ်-မြန်မာ နယ်စပ်က တခြား ဝင်ပေါက်မျိုးစုံကနေ ကန့်သတ်ကုန်ပစ္စည်းတွေနဲ့အတူ ပစ္စည်းမျိုးစုံကို တရားဝင်ရော တရားမဝင်ပါ တင်သွင်း၊ တင်ပို့နေကြတာ ဟာ နှစ်များစွာကြာနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။