တရားမဝင် မြန်မာ ၅၃ ဦး လိုက်ပါလာတဲ့ ကုန်တင်ယာဉ် တိမ်းမှောက်
2025.01.31

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တိမ်းမှောက်ပြီး တစ်ဦး ခြေထောက်ကျိုးသွားတယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့ဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်ဖို့အတွက်သွားဖို့ကြိုးစားသူတွေဖြစ်ပြီး ထိုင်းပွဲစားကို တစ်ဦးအတွက် ဘတ် ငါးသောင်းစီပေးရတယ်လို့ ဆိုပါတယ်။
သူတို့ကိုတင်ဆောင်လာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်ဟာ ဇန်နဝါရီ ၃၁ ရက်နေ့မနက်က နာပွန်ခရိုင် အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မှာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိပြီး မြောင်းထဲကို ထိုးကျသွားတာ ဖြစ်ပါတယ်။
ကုန်တင်ယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၃ ဦးဟာ တာပေါ်လင်စအောက်မှာ ပုန်းခိုလိုက်ပါလာတာတွေ့ရပြီး အဲဒီထဲက တစ်ဦးက ခြေထောက်ကျိုးထားသလို တချို့က အနည်းငယ် ထိခိုက်ဒဏ်ရာရထားတာ တွေ့ရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ကားမှောက်ပြီးနောက် ကုန်တင်ယာဥ်မောင်းက ထွက်ပြေးသွားတာကြောင့် အာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။ ဒါ့အပြင် ကားပေါ်လိုက်ပါလာသူတွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
တစ်နေ့တည်းမှာပဲ ကန်ချဘူရီခရိုင် ဘောလွယ်မြို့က စစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၆၉ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ ၂၉ နဲ့ ၃၀ ရက်နေ့ နှစ်ရက်အတွင်းမှာလည်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ကန်ချနဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာ ၁၁၈ ဦး နဲ့ တာ့ခ်ခရိုင်မှာ ၂၆ ဦး စုစုပေါင်း ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။