ရခိုင်မှာ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ အထိ တိုးလာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၇ ခုမှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေဟာ ဒီနေ့အထိ ၃၅၀၀၀ ခန့်အထိ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က RFA ကို ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က လူဦးရေ ၂၈၀၀၀ ကျော်ရှိခဲ့ရာကနေ အချိန် ၂ ပတ်ကျော်အတွင်းမှာ နောက်ထပ်လူဦးရေ ၇၀၀၀ နီးပါး ထပ်မံတိုးလာတာလို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေအတွက် ဆန်ရိက္ခာတွေ၊ ဆေးဝါးပစ္စည်းတွေကို ပို့ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ရဲ့ ခွင့်ပြုချက်နဲ့သာ ဆောင်ရွက်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ဒီညွှန်ကြားချက်ကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲတွေ ပိုမိုကြုံတွေ့နေရပြီး တချို့ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေဟာ နေ့စဉ်လိုလို တိုးလာနေတာကြောင့် အစိုးရက တစ်လစာ ထောက်ပံ့ ထားတဲ့ ရိက္ခာတွေဟာ လုံလောက်မှုမရှိဘူးလို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။