အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်နယ်စပ်ဂိတ် ယာယီပိတ်

RFA Burmese
2024.07.26
အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်နယ်စပ်ဂိတ် ယာယီပိတ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် (၂) နယ်စပ်ဂိတ်ဖြစ်တဲ့ ရိဒ်နယ်စပ်ဂိတ်ကို အိန္ဒိယအာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနယ်စပ်ဂိတ်ဟာ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ဘက်က ဇိုခေါ်ဒါရ်မြို့ ကို ကုန်စည်ကူးသန်းမှုအတွက် ဆက်သွယ်ထားတာပါ။

အဲဒီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတစ်ဆင့် အိန္ဒိယနိုင်ငံထဲ ကွမ်းသီးခြောက်တွေ တရားမဝင် တင်သွင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်ကို ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက လာရောက်စုံစမ်းနေတာကြောင့် ယာယီပိတ်လိုက်တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"မနေ့က ပိတ်ထားတာ အခုလောလောဆယ်တော့ သွားလို့မရသေးဘူး။ သူတို့ အဓိက ကွမ်းသီးခြောက်တွေ တရားမဝင် သယ်တာနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားချက်ရှိလို့ ကွင်းဆင်း စစ်ဆေးမူလုပ်ပြီး ယာယီပိတ်ထားတာ။ ဘယ်အချိန်ပြန်ဖွင့်မလဲ မသိရဘူး"

နယ်စပ်ဂိတ် ပိတ်လိုက်တာကြောင့် ရိခေါ်ဒါဘက်ကနေ အိန္ဒိယဘက်အခြမ်းကို ကျောင်းတက်နေတဲ့ ကလေးတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် မြန်မာဘက်အခြမ်းက ကုန်းစိမ်းတွေ တင်သွင်းပြီး အိန္ဒိယဘက်က ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ ပြန်တင်ပို့နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ချင်းပြည်နယ် ရိခေါ်ဒါရ် မြို့ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟွာငိုလ်ရမ် က ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ထိန်းချုပ်ထားပါတယ်။

ချင်းပြည်နယ်နဲ့ အိန္ဒိယ တရားဝင်နယ်စပ်ဂိတ်တွေအဖြစ် ရိခေါ်ဒါရ်နဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝဘက်က လောင်တလိုင်ခရိုင် နယ်စပ်ကုန်သွယ်ရေးဂိတ် နှစ်ခုရှိပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလတုန်းကလည်း အိန္ဒိယ ရွေးကောက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း သုံးရက်ခန့် ပိတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။