မြန်မာဘက် တင်ပို့မဲ့စက်သုံးဆီတွေကို အိန္ဒိယလူငယ်အဖွဲ့ ဖမ်ဆီး

RFA Burmese
2024.08.04
မြန်မာဘက် တင်ပို့မဲ့စက်သုံးဆီတွေကို အိန္ဒိယလူငယ်အဖွဲ့ ဖမ်ဆီး မီဇိုရမ်ပြည်နယ်ကနေ မြန်မာဘက်ကိုသွားမည့်ကားများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဥ်။
CYLA

Updated 1:55 PM Aug 8,2024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နမ်ပွေရွာအနီးမှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ပို့မဲ့ ဒေသခံတွေရဲ့ စက်သုံးဆီ ပေပါ ၄၇ လုံးကို သြဂုတ်လ ၃ ရက်နေ့မှာ နမ်ပွေလူငယ်အဖွဲ့က သယ်ယူခွင့်မပေးဘဲ သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ရဲ့ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ နမ်ပွေလူငယ်အဖွဲ့ဟာ သူတို့သိမ်းဆည်းခဲ့တဲ့ စက်သုံးဆီတွေကို CYLA ထံ လွှဲပြောင်းပေးဖို့ လောင်တလိုင်မြို့ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ဟာ အစိုးရအဖွဲ့အစည်းမဟုတ်ပေမဲ့ လောင်တလိုင်ခရိုင်အတွင်း သြဇာကြီးတဲ့အဖွဲ့ဖြစ်တာကြောင့် အခုလိုကန့်သတ်ပိတ်ပင်မှုတွေ လုပ်နိုင်တာလို့ဆိုပါတယ်။

စက်သုံးဆီတွေနဲ့ ဓာတ်မြေသြဇာတွေ မြန်မာဘက်ကိုရောင်းချရင် ပြင်းပြင်းထန်ထန် အရေးယူမဲ့အကြောင်း CYLA က ကြေညာထားတယ်လို့ လောင်တလိုင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စက်သုံးဆီက နယ်စပ်တွေ ဖမ်းမိတာ များတယ်။ တော်တော် တင်းကျပ်ထားတယ်။ စက်သုံးဆီတွေနဲ့ မြေသြဇာတွေရောင်းရင် အရေးယူမယ်လို့ လူငယ်တွေက ကြေညာထားတယ်။ ဆီလုပ်ငန်းရှင်တွေက ညှိနှိုင်းပေမဲ့ အဆင်မပြေခဲ့ဘူး”

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်တွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတာပါ။ ဒါကြောင့် အိန္ဒိယဘက်က လာတဲ့ကုန်စည်တွေကို အားထားအသုံးပြုနေရချိန် အခုလို ကန့်သတ်ခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

CYLA အဖွဲ့ကတော့ ဇွန် ၂၄ ရက်နေ့ကစပြီး ကုန်ပစ္စည်းသယ်ယူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ဇူလိုင်လမှာ အခြေခံစားကုန်တွေအပါအဝင် ကုန်စည်တချို့ကို သယ်ယူခွင့် ပြန်ခွင့်ပြုခဲ့ပေမဲ့ စက်သုံးဆီကို ဆက်လက်ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း ရခိုင်ပြည်နယ်ဘက် တင်ပို့မဲ့စက်သုံးဆီတွေကို သယ်ယူခွင့်မပေးဘဲ CYLA အဖွဲ့က တားမြစ်ဖမ်းဆီးတာ သုံးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။